Sunday, May 29, 2016

ရွာသာယာကျေးရွာတွင် KG ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်


မင်းဘူး     မေ      ၂၈
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာတွင်  KG ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို မေလ(၂၈)ရက်နေ့ နံနက် (၉)နာရီကကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွာသာယာကျေးရွာ KG ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးအား မကွေးတိုင်း ဒေသကြီးပညာရေးမှူး ဦးကျော်အေး၊ခရိုင်ပညာရေးမှူး ဒေါ်ခိုင်မာလာနှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား အဆိုပါကျောင်းဆောင်သစ်ခန်းမတွင်ကျင်းပခဲ့သည်။အခမ်းအနားတွင် တိုင်းဒေသကြီး ပညာရေးမှူး ကျော်အေးမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်နှင့် ဦးနေမျိုးကျော်တို့မှ မိတ်ဆက်အမှာစကားများပြောကြားခဲ့သည်။
ဆက်လက်၍ Save the Children အဖွဲ့မှ တိုင်းမန်နေဂျာ ဦးနေမျိုးထွန်းမှ Save the Children ၏ထောက်ပံ့မူများဖြင့် ကျန်းမာရေး၊ပညာရေးကဏ္ဍများတွင် ကူညီပါဝင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြော ကြားခဲ့ပြီး၊ ရွာသာယာကျေးရွာ အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးသိန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအောင် တို့မှ KG ကျောင်းဆောင်သစ် ဆောက်လုပ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့သည်။ထို့နောက် KG ကျောင်းဆောင်သစ် နှင့်ပတ်သက်သော စာရွက်စာတမ်းများအား Save the Children အဖွဲ့မှ စီမံကိန်းလက်ထောက် ဒေါ်ဇင်မာလွင်မှ မြို့နယ်ပညာရေးမှူးဒေါ်အေးအေးထံ လွှဲပြောင်းပေးအပ်ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
Save the Childrenအဖွဲ့မှ ၂၀၁၅-ခုနှစ်မှစ၍ မင်းဘူးမြို့နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ KG ကျောင်းပေါင်း (၁၁)ကျောင်း ထောက်ပံ့ကူညီ ဆောက်လုပ် ဖွင့်လှစ်ပေးခဲ့ရာ ရွာသာယာကျေးရွာ သည် (၁၁)ကျောင်းမြောက် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ယခု ကျောင်းဆောင်သစ်အား Save the Children မှ ငွေကျပ်(၉၅)သိန်းကျပ်နှင့် ကျေးရွာနေပြည်သူလူထုထည့်ဝင် ငွေကျပ် (၈၂)သိန်းကျပ်၊စုစုပေါင်း (၁၇၇)သိန်းဖြင့် အလျား(၅၀)ပေ၊အနံ(၃၀)ပေ၊ အမြင့် (၁၂)ပေရှိ Steel Structure တစ်ထပ်အဆောက်အဦးဖြစ်ပြီး ကူညီပံ့ပိုးရန်လိုအပ်သည့် ကလေးငယ်များအား ပညာသင်ကြားနိုင်ရေး ထောက်ပံ့ကူညီနိုင်ရန် ကျောင်းရန်ပုံငွေပဒေသာပင်၊ငွေကျပ်(၇)သိန်းကို စိုက်ထူပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များ၊ပညာရေးဝန်ထမ်းများ၊ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment