Wednesday, May 4, 2016

အတန်းပညာ ၄ တန်းထိသာ ကျောင်းနေခဲ့ဖူးသော မင်းတုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းနှင့်တွေ့ဆုံခြင်း

Ni Moe Wai shared News Watch(စောင့်ကြည့်သတင်းဂျာနယ်)'s photo. မှ ကူးယူဖော်ပြပါသည်။
1 hr ·
News Watch(စောင့်ကြည့်သတင်းဂျာနယ်) အတန်းပညာ ၄ တန်းထိသာ ကျောင်းနေခဲ့ဖူးသော မင်းတုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းနှင့်တွေ့ဆုံခြင်း
------ ------ ------ ------ ------
NLD ပါတီတံဆိပ်ကပ်ရင်အနိုင်ရတယ်ဆိုတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် “သစ်တောသစ်ပင်ဒို့ချစ်ခင်”ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ တရားမဝင်ရတနာကျွန်းသစ်တွေကို တလအတွင်း တန် ၈၀ နီးပါး ကိုယ်တိုင်ဖမ်းပြီး တန် ၂၀ ကျော် ဖမ်းမိနိုင်ရန် ဖိအားပေးခဲ့သူ အတန်းပညာအားဖြင့် ၄ တန်းအထိသာ ကျောင်းနေဖူးခဲ့သူ ဦးတင်ဝင်းနှင့်တွေ့ဆုံမေးမြန်းခဲ့သမျှ တင်ပြပေးလိုက်ပါသည်။

မေး-အန်ကယ်နိုင်ငံရေးလောကထဲမရောက်ခင်နဲ့ ရောက်လာခဲ့ရပုံ အန်ကယ့်ဘဝကောက်ကြောင်းလေး နဲနဲလောက်ပြောပြပေးပါ။
ဖြေ-ကျနော်က ရမည်းသင်းသား ၁၉၇၃မှာ တပ်ကထွက်ခဲ့တယ်။ အဲဒီကတည်းက မင်းတုန်းမှာအိမ်ထောင်ကျပြီး ခုထိနေခဲ့တာပေါ့ဗျာ။ သမဝါယမမှာအလုပ်သမားကြီးပေါ့။ အဲဒီကနေ ၈၈၈၈ အရေးတော်ပုံကြီးဖြစ်တော့ မင်းတုန်းမှာသပိတ်ခေါင်းဆောင်လုပ်ခဲ့ရတယ်။ မင်းတုန်းကအောင်မြင်တဲ့ဆိုရှယ်လစ်မြို့တော်လို့သမုတ်ထားတာလေ။ ဘယ်လောက်တောင်အာဏာပြကြသလဲဆိုရင် ကိုယ့်နှမ်း ကိုယ့်စပါး ကိုယ့်ပဲနဲ့ ထောင်ကျခဲ့ရတဲ့တောင်သူတွေအများကြီး။ လယ်စိုက်တဲ့လယ်သမားက ဝမ်းစာစပါးဖယ်ပြီး ဧည့်သည်စာနဲ့ဘုရားဆွမ်းတင်ဖို့တောင် ချန်မထားရဘူး။ အကုန်အပ်ရသလို ဝန်ထမ်းကိုတနှစ်စာ စပါးပေးရသေးဆိုပါတော့ဗျာ။ အာဏာရှင်ကိုမုန်းတာ။ အဲဒီကစတာ။ ဒါပေမဲ့ ခေါင်းဆောင်မရှိခဲ့ဘူး။ ထားတော့။ NLD ပါတီဖွဲ့တော့ ကျွန်တော့်ဆရာ ဦးထွန်းဝင်း - ခုတော့သေပါပြီ - သူ့ရဲ့သင်ကြားခေါင်းဆောင်မှုနဲ့ ဒုဥက္ကဌလုပ်ခဲ့ရတယ်။ နောက် ထောက်လှမ်းရေးခေတ်မှာ ဖိအားဆွယ်အားအမျိုးမျိုးနဲ့ ဘာမှလုပ်မရခဲ့ဘူး။ ကလေးက (၈) ယောက်နဲ့ ကြံ့ ကြံ့ခံခဲ့တယ်။ ၂၀၁၂ ပါတီပြန်ဖွဲ့တော့ အရင်လူဟောင်းတွေပြန်ရှာ၊ တိုင်ပင်ပြီး လူငယ်ပညာတတ် အင်အားများများနဲ့ပြန်ဖွဲ့တာပါ။ အနေအထားတခုအရ မြို့နယ်ဥက္ကဌ လုပ်ခဲ့ရတယ်။
မေး-အန်ကယ့်ပညာရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ အံ့သြမှုတွေအပေါ်
နဲနဲပြောပြပေးပါ အန်ကယ်။
ဖြေ-ပညာရေးနဲ့ပတ်သက်ပြီးဝေဖန်တဲ့သူတွေလည်း ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါအမှန်တရား။ ကျနော်ကယုံကြည်ချက်နဲ့နိုင်ငံရေးလုပ်တာ။ ဖတ်အားမှတ်အားလေ့လာအားကောင်းဖို့ပဲလိုတယ်။ နိုင်ငံရေးသင်တန်းတွေလည်း တက်ဘူးပါတယ်။ ဘဘဦးဝင်းတင်တို့၊ ဘဘဦးတင်ဦးတို့ပြောစကားဆို မှတ်သားထားပြီး သူတို့က လေ့လာသင့်တယ်လို့ဆိုတဲ့စာတွေဖတ်မှတ်ပေါ့ဗျာ။
မေး-ကိုယ်စားလှယ်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အတွေးနဲ့ရည်ရွယ်ချက်ကရော အန်ကယ်။
ဖြေ-အစက ကိုယ်စားလှယ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ လူငယ်တွေများများရှာပြီး မြေတောင်မြှောက်တယ်။ လူငယ်ပညာတတ်တွေကို ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ အမှုဆောင် အကုန်လုံးလူငယ်ဘွဲ့ရတွေပါ။ ခုနကစကားပြန်ဆက်ရရင် ကိုယ်စားလှယ်မလုပ်ဘူးလို့ ကြေငြာထားပြီးသား။ မှတ်မှတ်ရရ ၂၀၁၅ အာဇာနည်နေ့အထိမ်းအမှတ်၊ အခမ်းအနားမှာ ရပ်ကျေးအားလုံးဆုံတော့ ဝိုင်းပြီးတောင်းဆိုလို့ လုပ်ဖြစ်ရတာပါ။ မြို့ကလည်းသေးတော့ NLD ဆိုရင် ကျနော့သိကြတာများတာလည်း တပိုင်းပေါ့။
မေး-NLD ဦးဆောင်အစိုးရရဲ့ ရက် ၁၀၀အတွင်းမှာ ကိုယ်စားလှယ်တယောက်အနေနဲ့ ဘာတွေလုပ်ခဲ့ပြီး ဘာတွေဆက်လုပ်မလဲ အန်ကယ်။
ဖြေ-ကျနော်တို့အဓိကအလုပ်ကတော့ လူထုကြားဆင်း၊ အတွေ့ကြုံရှင်း၊ ပြည်သူ့အသံနားထောင်၊ ပြည်သူ့လွှတ်တော်နဲ့သက်ဆိုင်ရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မခင်သန်းနုဆီ တင်ပြပေးပေါ့။ ဒီကြားထဲ တရားမဝင်ကျွန်းသစ်တွေ တိုင်လို့ဆင်းဖမ်းရပေါ့ဗျာ။
မေး-ခုဖမ်းမိတဲ့သစ်တွေက မဲဆန္ဒနယ်အမှတ် ၂ နယ်မြေပေါ့နော်။ မဲဆန္ဒနယ် ၁ က ၂ နယ်မြေထဲကျော်တယ်တို့ ကိုယ်စားလှယ်အလုပ်မဟုတ်ဘူးတို့ ပါတီပုံရိပ်ထိခိုက်တယ်တို့ဆိုတာမျိုးတွေ ဝေဖန်သံတွေကြားနေရတယ် အန်ကယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။
ဖြေ-မိမိမျက်စိရှေ့မှာ ဥပဒေမဲ့နေတာတွေ့ရင် ကိုယ်စားလှယ်မှမဟုတ်ဘူး နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ၁ နဲ့ ၂ ကွဲနေစရာအကြောင်းမရှိဘူး။ ကိုယ်စားလှယ်တိုင်းက ပြည်သူနဲ့နိုင်ငံအကြိုး ဆောင်ရွက်ရတာ။ ကိုယ်တိုင်မလုပ်ချင်လို့ သူတို့ကိုဖမ်းခိုင်းတယ်။ သူတို့မဖမ်းနိုင်လို့ ကျနော်ဆင်းဖမ်းရတာ။ တိုင်တဲ့လူက တိတိကျကျ တိုင်နေတာပါ။ ခုဆိုရင် ကျနော်ဖမ်းတာ ဧပြီ ၂၃ အထိ တန် ၁၀၀ နီးပါရှိသွားပြီ။
မေး-နောက်ဆိုရင် သစ်ထွက်တဲ့ရွာတွေက ၂၀၂၀ ကျရင် မဲရနိုင်ပါဦးမလား အန်ကယ်။
ဖြေ-တရားမဝင်သစ်လုပ်စားတာ တရွာလုံးမှ ၃/၄ ယောက်ရှိတာ။ ကျန်တာက အိမ်သုံး ဒေသသုံး အသေးစားပါ။ ဒါတွေကို မထိပါဘူး။ ထိခိုက်နစ်နာတာက တရွာလုံး တနယ်လုံး တတိုင်းလုံး တနိုင်ငံလုံးပါ။ ဒေသသုံးဖို့ကျန်လို့ ဝမ်းတောင်သာနေကြတယ်။
မေး-သစ်တောကိုကာကွယ်ဖို့ ဘယ်လိုအကြံမျိုးပြုချင်ပါသလဲ အန်ကယ်။
ဖြေ-သစ်လုပ်တဲ့ရွာတွေမှာ သစ်ဖြတ်စက် အလုံး ၈၀ ကနေ ၁၀၀ အထိ ရှိကြတယ်။ တချို့ရွာတွေမှာ အလုံး ၂၀ လောက်ရှိတယ်။ အဲဒါတွေကို မှတ်ပုံတင်လုပ်တာတို့ စနစ်တခုနဲ့ထိန်းချုပ်တာတို့ လုပ်ရမယ်ဗျ။
မေး-အန်ကယ်ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါ။
ဖြေ-သစ်တောသယံဇာတပေါတဲ့ မင်းတုန်း၊ ကံမ၊ ဥသျှစ်ပင်သစ်တောတွေကုန်ပြီ။ အုပ်စု ၁ ဝင် ပျဉ်းကတိုးတောင် မီးသွေးဖုတ်ပစ်ကြတယ်။ ဘာမှမတတ်နိုင်လို့ လက်ပိုက်ကြည့်နေရတယ်။ ခုလုပ်လို့ရတယ် လုပ်တယ်။ မီးသွေး၊ သစ်၊ လုပ်ငန်းတွေရပ်တံ့မှ ကမ္ဘာမြေအေးချမ်းမှာ၊ အသက်ဝဝရူလို့ရမှာလို့ပြောချင်ပါတယ်။
ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်ကယ်။
ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။ မီဒီယာသမားများများ မင်းတုန်းကိုလာစေချင်ပါတယ်။ လူတွေမျက်စိပွင့်စေချင်လို့ပါ။
[ထန်ထန်(မဲဇလီ) မေးမြန်းသည်]

0 comments:

Post a Comment