ပွင့်ဖြူ
မေ ၁၀
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အတွင်းရှိ
တောင်သူများသည် ကြီးအုံ-ကြီးဝဆည်မှတဆင့် ပို့လွှတ်သော မဲဇလီရေလွှဲဆည်ရေများဖြင့် ယခုရာသီတွင်
နွေစပါး/နွေးနှမ်းများကို အဓိကထား စိုက်ပျိုးအောင်မြင်ခဲ့သော် လည်း ယခုနှစ် အယ်လ်နီညို
အပူဒဏ်ကြောင့် နွေနှမ်းစိုက် တောင်သူများ မိုးဦးမရွာသဖြင့် ရေဖြန်းစိုက်ပျိုး လုပ်ကိုင်နေကြရသည်။
မဲဇလီရေလွှဲဆည်မှတဆင့်
တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့ဖြင့် ပွင့်ဖြူမြို့နယ် အတွင်း
စိုက်ပျိုးရေများကို မတ်လမှစ၍ ဖြန့်ဝေပေးနေလျက်ရှိရာ နွေနှမ်းစိုက်တောင်သူများမှာ ဧပြီလဆန်းပိုင်း
တွင် စတင်ထွန်ယက်စိုက်ပျိုးကြပြီး၊ မေလပိုင်းအထိ မိုးရွာသွန်းမှု နည်းပါးသဖြင့် ဆည်ရေပို့လွှတ်ရာ
မြောင်းနှင့် နီးသော စိုက်ခင်းများတွင် မြောင်းရေအား စက်ဖြင့် စုပ်ယူ၍ နှမ်းခင်းများကို
ပက်ဖြန်းပေးနေရသည်။မြောင်းနှင့် ဝေးကွာသော နှမ်းစိုက်ခင်းများကို မြေအောက်ရေတွင်းများတူးဖော်၍
စက်ဖြင့် စုပ်ယူကာ ဖြန်းပက် ပေးနေရသည်။
လယ်ဖီလာကျေးရွာမှ
နှမ်းစိုက်တောင်သူ ဦးစိုးမြင့်မှ “ ယခုနှစ် နွေနှမ်း(ခေါ်)မိုးကြိုနှမ်းကို ဧပြီလဆန်း
ပိုင်းက စစိုက်ပျိုးကြတာ၊ဈေးကောင်းရရှိတဲ့ စမုန်းနက်
နှမ်းမျိုးကိုအစိုက်များတယ်၊တစ်တင်းကို (၈)သောင်းကျော် မှ (၁)သိန်းကျပ်ထိရတယ်၊အပူဒဏ်များပြီး
မိုးမရွာတော့ (၅)ရက်တစ်ကြိမ် စက်နဲ့ ရေဖြန်းပေးနေရတယ်၊ တစ် ဧကကို (၂)လက်မရေတင်ပိုက်နဲ့
(၃)နာရီကြာဖြန်းပက်ရတယ်၊ယခင်နှစ်လောက် မကောင်းဘူး၊အပင်ပု၊ သက်တမ်းရင့်နဲ့ အပွင့်တွေ
ပွင့်နေတော့ နှမ်းထွက်မကောင်းနိုင်ဘူး၊မျိုးနဲ့ စိုက်ပျိုးစရိတ်လောက်ပဲ ရလောက် တယ်”
ဟုပြောသည်။
မကွေးတိုင်းဒေသကြီးသည်
မြန်မာပြည်၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ရလောက်အောင် ဆီထွက်သီးနှံများဖြစ်သည် နှမ်း၊မြေပဲ၊နေကြာ၊နှမ်းပန်းများ
အဓိကထားစိုပျိုးကြသော်လည်း ရာသီဥတု အခြေအနေအရ မိုးရွာသွန်းမှုနည်းပါးခြင်းနှင့် အယ်လ်နီညို
အပူလှိုင်ဒဏ်များကြောင့် ဆီထွက်သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်မှု မရှိကြောင်းသိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment