Saturday, May 28, 2016

မင်းဘူး(စကု)မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ




မင်းဘူး      မေ      ၂၇
          မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီက မင်းဘူးမြို့၊ အ.ထ.က(၁)ကျောင်းခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ဌာနဆိုင်ရာအကြီးအကဲများ ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာ/ ဆရာမ ကြီးများ၊ကျောင်းဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံမိဘ ပြည်သူများ တက်ရောက် ခဲ့သည်။
          အခမ်းအနားတွင်မင်းဘူးမြို့ အ.ထ.က(၂)မှကျောင်းသား/ကျောင်းသူများက  မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ခရိုင်ပညာ ရေးမှူး ဒေါ်ခိုင်မာလာမှ အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမှ ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
          ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ KG Kid ပုံးများပေးအပ်ရာ မင်းဘူးမြို့ မြောက်ရပ် အ.မ.က ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူပြီး ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ၊အခမဲ့ ဗလာစာအုပ်များနှင့် မူလတန်းကျောင်းသား/သူများအတွက် ၀တ်စုံများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ပေးအပ်ရာ ကျောင်းသား/ ကျောင်းသူများမှ လက်ခံရယူကာ အ.ထ.က(၂)ကျောင်းသား/ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီဆို ဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
          မင်းဘူးမြို့နယ်တွင် အ.ထ.က(၂)ကျောင်း၊အ.ထ.ကခွဲ(၃)ကျောင်း၊အ.လ.ကခွဲ (၂၃)ကျောင်း၊မူလွန် (၂၀)ကျောင်း၊ အ.မ.က(၃)ကျောင်း၊အ.မ.ကခွဲ (၁၀)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ကိုယ်ပိုင်ကျောင်း (၂)ကျောင်း ဖွင့်လှစ်ထားရှိခဲ့ကြောင်း၊မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၄၇) ကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၁)ကျောင်းတို့တွင် မေလ(၂၅)ရက်နေမှ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ခဲ့ရာ မေလ(၂၆)ရက်နေ့တွင် ကျောင်းသား/သူ (၆၆၅၀၈)ဦး လက်ခံရရှိပြီး မေလ(၃၁) ရက်နေ့အတွင်း ကျောင်းနေအရွယ်ကလေးငယ်များ ရာနှုန်းပြည့် ကျောင်းအပ်နှံရေး ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ကျောင်းသားမိဘများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment