Wednesday, May 4, 2016

မင်းဘူး(စကု)မြို့နယ်တွင် အယ်လ်နီညိုအပူဒဏ်ကာကွယ်ရေး အပူရှောင်နားနေစခန်း ဆောက်လုပ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိ

ှိ မင်းဘူး ၊ မေ - ၎
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ယခုနှစ် မြို့နယ်အတွင်းရှိ အသက်ကြီးအဘိုး ၊ အဘွား များ အယ်နီညိုရာသီ၏ အပူဒဏ်ကိုခံစားနေရကြောင်း သိရ၍ မင်းဘူးမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ် ချုပ်ရေးမှူးဦးညီညီဝင်းဦးဆောင်၍ မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် အယ်နီညိုအပူဒဏ်ကာကွယ်ရေးကော်မတီဝင်များက မေ ၃ ရက်နေ့၊ နံနက်ပိုင်းက မင်းဘူးမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အယ်နီညိုအပူဒဏ်ကာကွယ်နိုင်မည့် အပူရှောင်နားနေ စခန်းဆောက်လုပ်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီ ညီဝင်းနှင့် မြို့နယ်အဆင့် အယ်နီညိုအပူဒဏ်ကာကွယ်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီဝင်းနှင့် မြို့နယ်အဆင့် အယ်နီညိုအပူဒဏ်ကာကွယ်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက သက်ကြီးရွယ်အိုအဘိုး၊ အဘွားများအတွက် အယ်နီညိုအပူဒဏ်ကာကွယ်နိုင်မည့် အပူရှောင်နားနေစခန်းဆောက်လုပ်မည့်မြေနေများရွေးချယ်ခြင်း၊ နားနေစခန်းဆောက်လုပ် ပြီးပါက လာရောက်တည်းခိုနေထိုင်မည့်အဘိုး၊ အဘွားများအား စိတ်အေးချမ်းသာစွာနေထိုင်စားသောက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် တည်းခိုနေထိုင်မည့် အဘိုး၊ အဘွား သွားလာရေးအဆင်ပြေစေရန်(အကြို/အပို့)စနစ်ဖြင့် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် အနီးကပ်ကျန်းမာရေးစောင့်ရှောက်ပေးမည့်လုပ်ငန်းများ၊ အဘိုးအဘွားများ နားနေစဉ် တရားဘာဝနာ ပွားများအားထုတ်နိုင်ရေးအတွက် ဆရာ၊ သံဃာတော်များပင့်ဖိတ်၍ သီလပေး၊ တရားနာယူခြင်းများ ဆောင်ရွက် နိုင်ရေးလုပ်ငန်းများ၊ ထို့အပြင် အဘိုးအဘွားများ စိတ်ကြည်နူးမှုများ ခံစားနိုင်ရန်အတွက် ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက် ပေးနိုင်ရေး စသည်ဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းဘူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုအဘိုး၊အဘွားများ အယ်နီညိုအပူဒဏ်ကာကွယ်နိုင်ရန် အပူရှောင်နားနေစခန်း ဆောက်လုပ်နိုင်ရေးအတွက် မင်းဘူးမြို့၊ နဂါးနီဆေးရုံပိုင်ရှင် ဒေါက်သန်းထိုက်ရှိန်က မတည်ငွေကျပ် သိန်း(၅၀)ထည့်ဝင်လှူဒါန်း ပေးခဲ့သည့်အပြင် ယခု ဆောက်လုပ်မည့် အပူရှောင်နားနေစခန်းမြေနေရာကိုလည်း နဂါးနီဆေးရုံအနီး၊ အမြင်သစ်လက်ဖက်ရည် ဆိုင်ကွင်းပြင်တွင် ဆောက်လုပ်ရန် ခွင့်ပြုပေးထားကြောင်း သိရပြီး၊ အပူရှောင်နားနေစခန်းအား မေလ ဒုတိယပတ်တွင် အပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ သို့ဖြစ်၍ တာဝန်ရှိသူများက အပူရှောင်နားနေစခန်းကို သက်ကြီးရွယ်အို အဘိုး အဘွား ဦးရေ(၂၀၀)ခန့် တည်းခိုနေထိုင်နိုင်ရေးအတွက် အကျယ်အဝန်းမှာ ၇၅ ပေ ပတ်လည်ခန့် ဆောက်လုပ်သွားရန်စီစဉ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အပူရှောင်နားနေစခန်းဆောက်လုပ်ပြီးပါက မြို့နယ်အတွင်းရှိ အမှတ် (၁ ၊ ၂ ၊ ၃ ၊ ၄)ရပ်များမှ အသက်(၇၀/ ၈၀)ကြား အဘိုး အဘွားများအား နားနေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ လာရောက်တည်းခိုနေထိုင်သည့် အဘိုး အဘွားများကိုလည်း နံနက်(၉) နာရီမှ ညနေ(၆)နာရီအထိ တည်းခိုနေထိုင်စေပြီး အကြို/ အပို့ စနစ်များဖြင့် ဆောင်ရွက်ပေး သွားမည်ကြောင်း၊ ထို့အပြင် အဘိုးအဘွားများအား နေ့လည်စာကျွေးမွေးခြင်း၊ အအေးဖျော်ရည်များတိုက်ကျွေးခြင်းများဖြင့် ကုသိုလ်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အပူဒဏ်ရှောင်သည့်အတွက် နားနေစခန်းတွင် သက်ကြီးရွယ်အိုအဘိုးအဘွားများ အအေး ဓာတ်ရရှိစေရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ရေအလုံအလောက်ဖြည့်တင်း၍ နေ့စဉ် လုပ်အားပေးအဖွဲ့များက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အပူရှောင်နားနေစခန်းအား အချိန် တစ်လတိတိ ဖွင့်လှစ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)
သတင်းပေးပို့သူ - ဒေါ်ခင်ဝါဝါလှိုင် ၊

0 comments:

Post a Comment