Tuesday, May 3, 2016

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) နည်းပြများ အရည်အသွေးမြှင့်တင်ရေး နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်


မကွေး     မေ     ၂
စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး ရန်နှင့်လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် စက်မှုသင်တန်းကျောင်း(၆)ခုကို တည်ထောင်၍ စက်မှုကျွမ်း ကျင်လုပ်သားများ မွေးထုတ်ရေးအတွက် နှစ်စဉ် ပုံမှန်(၁)နှစ် သင်တန်းများ၊ ကာလတိုသင်တန်းများ နှင့် ကျေးလက်ဒေသအရောက်ရွေ့လျား သင်တန်းများ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ နည်းပြများ ၏ သင်ကြားမှုအရည်အသွေး မြှင့်တင်ရေးအတွက် နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၈း၃၀)နာရီတွင် သင်တန်းကျောင်းရှိ Auditorium ခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ နည်းပညာ ဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းဆက်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စက်ရုံမှူးများ၊ စက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းပို့ချ ပေးမည့် Progress Automotive Technical Training & Car Service မှ နည်းပြများ၊ သင်တန်းတက်ရောက်ကြမည့် နည်းပြ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်း ဖွင့်ပွဲ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကာ တက်ရောက်လာသည့်ဧည့်သည်များက သင်တန်းခန်းမများသို့ လှည့်လည်ကြည့်ရှုသည်။
သင်တန်းတွင် နည်းပြအဆင့် Gasoline Engine Management ခေါင်းစဉ်ဖြင့် စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချ လေ့ကျင့်သွားမည်ဖြစ်ပြီး စက်မှုသင်တန်းကျောင်း မကွေး၊ ဆင်တဲ၊ မန္တလေးနှင့် ပခုက္ကူ တို့မှ နည်းပြ ဆရာ/ ဆရာမ (၁၄)ဦး တက်ရောက်ကြမည်ဖြစ်သည်။ သင်တန်းအား (၂-၅-၂၀၁၆) ရက်နေ့မှ (၁၄-၅-၂၀၁၆) ရက်နေ့အထိ (၂)ပတ်ကြာ ပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါ စက်မှုသင်တန်းကျောင်းအား ၂၀၁၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စက်မှုဝန်ကြီးဌာန နှင့်ကိုရီးယားနိုင်ငံ KOICA အဖွဲ့အစည်းတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်သင်တန်းများအား နှစ်စဉ်ပုံမှန်ဖွင့်လှစ်ခဲ့ပြီး  ၂၀၁၆ ခုနှစ်တွင် သင်တန်း(၅)ခု ပြီးဆုံးခဲ့ရာ သင်တန်းဆင်း(၇၁၀)ဦးရှိခဲ့ပြီး ပြင်ပ စက်မှုလုပ်ငန်းများတွင် အလုပ်အကိုင်ရရှိရေးကိုပါ ဆောင်ရွက် ပေးလျက်ရှိသည်။ သင်တန်းတွင် Automobile Maintenance မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်တွင်(၁၂၀)ဦးနှင့် ကွန်ပျူတာအသုံးချ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခြင်း CAD/CAM ဘာသာရပ် တွင်(၃၀)ဦး၊စုစုပေါင်း(၁၅၀)ဦးအား နှစ်စဉ် စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့်လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် လေ့ကျင့် သင်တန်းပေးလျက်ရှိသည်။ သင်တန်းတက်ရောက်သူ သင်တန်းသားများ အားလုံးအတွက် အိပ်ဆောင်နေရာစီစဉ်ပေးပြီး စားသောက်စရိတ်အဖြစ် လစဉ် တစ်ဦးလျှင် (၂၅၀၀၀/ိ-)ကျပ်နှုန်းဖြင့် စီစဉ်ပေးထားကာ သင်တန်းကြေှးပေးဆောင်ရန် မလိုကြောင်းနှင့် သင်တန်းသို့တက်ရောက်နိုင်ရန် အတွက် အခြေခံပညာအထက်တန်းစာမေးပွဲ ဖြေဆိုဘူးရန်လိုအပ်ပြီး အသက်(၁၇)နှစ်မှ (၂၅)နှစ် အတွင်း သက်ဆိုင်ရာ ဘာသာရပ်ကို စိတ်ပါဝင်စားသူ၊ကျောင်းစည်းကမ်းများလိုက်နာနိုင်သူ မည်သူ မဆိုလျှောက်ထားနိုင်ကြောင်း သင်တန်းကျောင်းအုပ်ကြီးထံမှ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment