Monday, May 16, 2016

မင်းဘူးမြို့တွင် မိုးသက်လေပြင်းများတိုက်ခတ်၍ လူနေအိမ်များပျက်စီး




မင်းဘူး        မေ      ၁၆
          မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်တွင် မေလ(၁၅)ရက်နေ့ ညနေ(၅)နာရီခန့်က မိုးသက်လေ ပြင်းများတိုက်ခတ်မှုကြောင့် လူနေအိမ်များစွာ ပျက်စီးခဲ့ရသည်။
          မင်းဘူး(စကု)မြို့နယ်တွင် နိဗ္ဗာန်ကျွန်း၊ပဒေသာကျွန်း၊လက်ခုပ်ပင်၊ကြီးပင်ကန်(၁)နှင့်(၂)၊ပင်လယ်သက် မင်းရွာ၊ပေကုန်း၊ မုတ္ထော၊ကျောက်စစ်ပုံ၊ကဒီး၊ မင်းလှကုန်း၊ ငွေသောင်၊ကျောင်းကုန်း၊ ပန်းလွှား၊ စကု(၂)၊ ရွှေချောင်း၊ မုတ်ခဲ ၊ မြောင်းကြား၊ ဇရပ်ကြီး၊ ကံသစ်၊ ကံကုလား၊ ကျောက်စံ၊  ထုံးမကြီး၊ နှင့် ကုလားပါးကျေးရွာ စုစုပေါင်း ကျေးရွာအုပ်စု(၁၈)အုပ်စု၊ကျေးရွာပေါင်း (၂၅)ရွာ၊တို့တွင် ပြိုလဲပျက်စီးမှု၌၊ စေတီပုထိုး(၉)ဆူ၊ လူနေအိမ် (၇၄)လုံး၊စာသင်းကျောင်း (၁)ကျောင်း၊ အမိုးလန်ပျက်စီးမှု၌ လူနေအိမ်(၆၀၀)လုံး၊ စာသင်ကျောင်း (၄)ကျောင်း၊ ဘာသာရေးအဆောက်အဦး(၉)လုံး၊ စေတီပုထိုး(၂)ဆူ၊ အခြားအဆောက်အဦ(၂၃)လုံး ပျက်စီးခဲ့ပြီး မန်းကောက်ကျေးရွာတွင် မိုးကြိုးထိမှန်၍ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
          ကျောက်စစ်ပုံကျေးရွာတွင် ပြိုလဲပျက်စီးလူနေအိမ်(၈)လုံး၊အမိုးလန်လူနေအိမ်(၁၀၀)လုံးပျက်စီးခဲ့၍ မင်းဘူးမြို့နယ်တွင် အများဆုံးပျက်စီးခဲ့သည့်ကျေးရွာဖြစ်သည်။ကျောက်စစ်ပုံကျေးရွာနေပြည်သူတစ်ဦးမှ “ လေတိုက်ခတ်တာ ညနေ(၅)နာရီကျော်လောက်ကစတိုက်တာ၊မိုးလည်းရွာလာတယ်၊လေကပြင်းလွန်တော့ ရွာအရှေ့ပိုးကအိမ်တွေ အများဆုံးပျက်စီးသွားတယ်၊လေတိုက်ချိန်(၁၀)မီနစ်ပဲကြတယ်၊နွားတင်ကုတ်တွေ ပြိုကျ တော့ နွားအချိုပ ထိခိုက်ဒဏ်ရာရတာတော့ရှိတယ်၊အသေအပျောက်တော့မရှိပါဘူး” ဟုပြောသည်။
          အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးခဲ့သောကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တတ်ဖွဲ့ဝင်များမှ မေလ(၁၆) ရက်နေ့တွင် သွားရောက်၍ ရှင်းလင်းရေးနှင့် လေဘေးသင့်ပြည်သူများ ယာယီနေထိုင်နိုင်ရေးတို့ကို ကူညီ ဆောင်ရွက်ပေးနေလျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment