Thursday, May 12, 2016

မင်းဘူး(စကု)မြို့နယ်တွင် အပူရှောင်နားနေစခန်း(ကုသိုလ်ဖြစ်)စတင်ဖွင့်လှစ်




မင်းဘူး     မေ     ၁၂
          မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်တွင် အယ်နီညိုဖြစ်စဉ် ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် အပူရှောင်နားနေစခန်း(ကုသိုလ်ဖြစ်)အား မေလ ၁၂ရက်နေ့ နံနက်ပိုင်းမှစ၍ မင်းဘူး(စကု)ကားလမ်းအနောက်ဘက် နဂါနီဆေးရုံဝင်းအတွင်း၌ စတင်ဖွင့်လှစ်လျက်ရှိသည်။
          အပူရှောင်နားနေစခန်းအား နဂါနီဆေးရုံပိုင်ရှင် ဒေါက်တာသန်းထိုက်ရှိန် ပံ့ပိုးကူညီမှုဖြင့် မြို့နယ်အဆင့် အယ်နီညိုအပူဒဏ်ကာကွယ်ရေးကော်မတီဝင်များပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့ပေါ်ရပ်ကွက်အတွင်းရှိအသက်(၆၀)နှစ်နှင့်အထက်  အဘိုးအဘွားများအား မော်တော်ယာဉ်များ ဖြင့် အကြို/အပို့လုပ်၍ ကုသိုလ်ဖြစ်ဆောင်ရွက်နေခြင်းဖြစ်သည်။ အဘိုးအဘွားများအား နံနက်ပိုင်းတွင် ဆရာတော်သံဃာတော်များပင့်ဖိတ်၍ သီလပေးတရားတော်များ ဟောပြောနာကြားစေပြီး နေ့လည်စာကျွေးမွေးခြင်း၊ အချိုရည်နှင့် အအေးများတိုက်ကျွေးခြင်း၊ ကျန်းမာေ၇းစောင့်ရှောက်မှုပေးခြင်း တို့ကို နေ့စဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
          နားနေစခန်းသို့ လာရောက်နားခိုနေသော အမှတ်(၄)ရပ်ကွက်မှ အဘိုးတစ်ဦးက " အခုလို နွေရာသီရပ်ကွက်တည်းမှ နေအိမ်မှာနေရတာ အပူဒဏ်ကို ဆင်းရဲစွာခံစားနေရတယ်၊ အပူရှောင်နားနေစခန်းဖွင့်ပြီး အသက်ကြီးတဲ့လူတွေကို ခေါ်ယူစောင့်ရှောက်ပေးနေတာ ၀မ်းသာပီတိဖြစ်မိပါတယ်၊ နေရာလေးက လေလဲသာ ရေလဲပေါ ထမင်းလည်းကျွေးမွေး ကုသိုလ်ပြု ကြတယ်။ သီလဆောက်တည်တရားလည်းနာရတော့ ကုသိုလ်လည်းရတယ် စီစဉ်ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေကို အလွန်ပဲကျေးဇူးတင်မိပါတယ်ဟု" ပြောသည်။
ဖိုးပြည့်(မင်းဘူး)

0 comments:

Post a Comment