Sunday, May 1, 2016

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသဖြင့် ပြောင်းရွှေ့နေအိမ်များအား ၀ိုင်းဝန်ကူညီ


မင်းဘူး     ဧပြီ      ၃၀
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းကျိုးကျေးရွာအုပ်စု၊ထုံးမကြီးကျေးရွာမှ လူနေအိမ်များ ဧပြီလအတွင် ဧရာဝတီမြစ်ရေမြင့်တက်လပြီး ရေတိုက်စားမှုများကြောင့် ကမ်းပါးများပြိုကျ၍ နေအိမ်များဖျက်သိမ်းကာ မြစ်ကမ်းပါးနှင့်ကင်းလွှတ်ရာ မန်းကျိုးကျေးရွာ၏ အရှေ့မြောက်ဘက်၊ကွင်း အမှတ်(၁၂၁၅)(၁၂၁၆)ရှိ ကိုင်းမြေများတွင် ပြောင်းရွှေ့လျက်ရှိသည်။
ထိုမြေနေရာကို ဧပြီလ(၂၈)ရက်နေ့က မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်နှင့် ဦးနေမျိုးကျော်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် မြေယာစီမံခန့်ခွဲမှုကော်မတီဝင်များမှ ကျေးရွာနေပြည်သူများဆန္ဒအရ မဲနှိုက်၍ အိမ်ဝိုင်းမြေများ ချထားပေးခဲ့သည်။ ကိုင်းမြေတစ်ဧကလျင်ကျပ်သိန်း(၂၀)ဖြင့် ၀ယ်ူယရပြီး ပေ(၆၀)ပတ်လည် အိမ်ဝိုင်း တစ်ဝိုင်းလျင် ကျပ်(၂)သိန်းခွဲနှုန်း သတ်မှတ်ပေးခဲ့ပြီး ကျေးရွာ ဓမ္မာရုံ၊စာသင်ကျောင်း၊စာကြည့်တိုက်နှင့် ဘုန်းတော်ကြီးကျောင်းမြေနေရာများပါ သတ်မှတ် ချထားပေးခဲ့သည်။
ကျေးရွာသစ်တည်မည့်နေရာသို့ ကမ်းပါးပြိုကျသဖြင့် ဖျက်သိမ်းထားသော သစ်/၀ါးနှင့် အိမ်ထောင် ပရိဘောဂများအား ဧပြီလ(၃၀)ရက်နေ့ နံနက်ပိုင်းမှစ၍ မကွေးမြို့ တပ်မ(၈၈)မှ တပ်မတော်သားများ၊လွှတ် တော်ကိုယ်စားလှယ်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊မင်းဘူးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊နှင့်ဌာနဆိုင်ရာဝန်ထမ်း များမှ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ကူညီသယ်ဆောင်ပေးခဲ့ကြသည်။ထိုသို့ ပစ္စည်းများသယ်ဆောင် ရာတွင် မကွေးတပ်မ(၈၈)မှ ဖောကား(၅)စီး၊မြို့နယ်ထွေအုပ်မှ ဖောကား(၂)စီ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖောကား (၂)စီတို့ဖြင့်ကူညီသယ်ဆောင်ပေးခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကျေးရွာသစ်တည်သည့်ကျေးလက်နေ ပြည်သူများ သောက်သုံးရေဖူလုံစွာရရှိနိုင်ရန်  ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ပို့ဆောင်ပေးခဲ့သည်။
ကျေးရွာအသစ်တည်မည့် ထုံးမကြီးကျေးရွာနေအိမ်ထောင်စုများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အိမ်ဆောက်ပစ္စည်း၊သစ်/၀ါးများ အစိုးရဈေးနှုန်းဖြင့် ၀ယ်ယူရရှိနိုင်ရေးစီမံဆောင် ရွက်ပေးနေလျက်ရှိသည်။မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ၊မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီတို့မှ ကျေးရွာပိုင်မြေနေရာများဝယ်ယူနိုင်ရန် အလှူငွေ ကျပ်(၁)သိန်းခွဲနှင့် လက်နှိပ်တုံကင် စက်ရေတွင်းတူးနိုင်ရန် ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရှိ ၀န်ထမ်းများမှ အလှူငွေကျပ်(၂)သိန်းနှင့် ရန်ကုန်မြို့မှ အလှူရှင်များမှ အလှူငွေကျပ်(၂)သိန်း ကိုကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထုံးမကြီးကျေးရွာနေ ဒေသခံပြည်သူတစ်ဦးမှ “ ကျွန်တော်တို့ရွာ အိမ်ခြေ(၁၈၅)အိမ်ရှိပါတယ်၊အခု တစ်ရွာလုံး မြေနေရာတွေ မြစ်ကမ်းပါးပြိုကျလို့ ပါသွားပါပြီ၊ အိမ်တွေ အမြန်ဖျက်သိမ်းပြီး ကမ်းပါးနှင့်လွှတ်ရာမှာ စုပုံထားခဲ့တာ ရွာသစ်တည်မည့် နေရာကို သယ်ယူစရိတ်မတတ်နိုင်လို့ ဒီအတိုင်းထားနေရတာ၊အခု တပ်မတော်သားတွေ၊မြို့နယ်က၀န်ထမ်းတွေက ကားတွေနဲ့ရောက်လာပြီး ၀ိုင်းဝန်ကူညီ သယ်ပေးလို့ ၀မ်းသာကြည်းနှုးမိပါတယ်ဗျာ၊အနီးဝန်ကျင်းကျေးရွာတွေကလည်း ထမင်းနှင့် မုန့်များ လာရောက် လှူဒါန်းကြပါတယ်၊ အခု ပစ္စည်းတွေ ရောက်တော့လည်း အိမ်ပြန်ဆောက်ဖို့ကလိုသေးတယ်လေ၊ ကျေးရွာလူထုနဲ့ပဲ တစ်အိမ်ချင်း ၀ိုင်းဝန်ဆောက်လုပ်ကြရမှာ၊ စိုက်ပျိုးရေးလုပ်ငန်း ပြန်လုပ်ကိုင်နိုင်ဖို့ စိုက်ပျိုးစရိတ်ကလည်း အခက်အခဲတွေ့ရပါတယ်” ဟုပြောသည်။
ထုံးမကြီးကျေးရွာ ကျေးလက်နေပြည်သူများ ကျေးရွာသစ်တည်ရန် အိမ်ဆောက်စရိတ်များ၊စိုက်ပျိုး စရိတ်များနှင့် သောက်သုံးရေဖူလုံစွာရရှိနိုင်မည့် စက်ရေတွင်များ လိုအပ်နေလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment