Wednesday, April 6, 2016

လေးအိမ်စုကျေးရွာ ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်လှစ်




ငဖဲ     ဧပြီ    
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာ တွင် ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေး အစီအစဉ်အရ အမေရိကန်ဒေါ်လာ (၅၅၈.၀၄၈) တန်ဖိုးရှိသော လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့စီမံကိန်း(၆)ခု ထောက်ပံ့မှုများထဲမှ ငဖဲမြို့နယ် လေးအိမ်စုကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၇၀.၅၆၆)ဖြင့်ဆောက်လုပ်သည့် ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အဆောက်အဦသစ် ရှေ့တွင် ကျင်းပရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်က ကျန်းမာရေးဌာနခွဲ အဆောက်အဦးသစ်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
          ထို့နောက် မြန်မာနိုင်ငံတွင်တာဝန်ထမ်းဆောင်နေသော ဂျပန်သံရုံးမှ အလှူရှင် မစ္စတာ ဟီဂရှိက ကျေးလက်ကျန်းမာရေးကဏ္ဍ ပိုမိုစောင့်ရှောက်မှုပေးနိုင်ရန် အဆောက်အဦသစ် ဆောက် လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျေးရွာပွင့်လင်းစာကြည့်တိုက်အတွက် ဂျပန်နိုင်ငံ ပညာရေးကဏ္ဍဆိုင်ရာ လက်ကမ်းစာစောင်နှင့် စာအုပ်များပေးအပ်လှူဒါန်းရာ စာကြည့်တိုက် ကော်မတီ(၁)ဦးမှ လက်ခံရယူပြီး လေးအိမ်စုကျေးရွာ ကျန်းမာရေးကော်မတီ ဥက္ကဌ ဦးဟန်သိန်းမှ မိမိကျေးရွာမှပြည်သူများအပြင် ရွာနီးကျေးရွာ(၆)ရွာမှ ကျေးလက်ပြည်သူဦးရေ(၂၅၀၀)ကျော် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိမည်ဖြစ်၍ အလှူရှင် မစ္စတာ ဟီဂရှိအား အထူးပင်ကျေးဇူးတင် ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
          ဆက်လက်၍ ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်နှင့်ဂျပန်သံရုံးမှ အလှူရှင် မစ္စတာ ဟီဂရှိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အဆိုပါ အဆောက်အဦမှာ အလျား(၄၀)ပေ၊ အနံ(၃၀)ပေနှင့် ၀န်ထမ်းအိမ်ယာ အလျား(၃၅)ပေ၊ အနံ(၁၅)ပေရှိ သံကူကွန်ကရစ်တစ်ထပ် အဆောက်အဦဖြစ်ပြီး Triangle Links Engineering Co,Ltd မှ (၄-၅-၂၀၁၅) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၃၁-၁၂-၂၀၁၅) ရက်နေ့တွင် အပြီးသတ် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment