Thursday, April 28, 2016

ပေါက်မြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ရေသယ်ယာဉ်ဖြင့် ပို့ဆောင်လှူဒါန်း




ပေါက်     ဧပြီ     ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုတို့၏ စီစဉ်မှုဖြင့် ပခုက္ကူခရိုင်အတွင်း မြို့နယ်များဖြစ်သည့် မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေခက်ခဲမှုဖြင့် ကြုံတွေ့ နေရသောကျေးရွာများသို့ ရေလှူဒါန်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ရေသယ်ယာဉ်များကို ယာဉ်မောင်း၊ စက်သုံးဆီအပြည့်အစုံနှင့် ထောက်ပံ့ကူညီရန် ဧပြီ၂၃ ရက်က သက်ဆိုင်ရာမြို့နယ် အသီးသီးသို့ရောက်ရှိလှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပေါက်မြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ဧပြီ ၂၃ ရက်နေ့မှစ၍ ဆောက်လုပ်ရေးဌာနပိုင် ဂါလံ(၈၀၀)ဆံ့ ရေသယ်ယာဉ်ဖြင့် ပို့ဆောင်လှူဒါန်း လျက်ရှိရာ ဧပြီ ၂၆ ရက်နေ့အထိ သပြေရေတောတိုက်၊စမ်းမုန်းချောင်း၊ကပိုင်(မြောက်)ကျေးရွာများသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာနတို့နှင့်အတူ သောက်သုံးရေ ဂါလံပေါင်း (၁၁၂၀၀) ဂါလံ ပို့ဆောင်လှူဒါန်းခဲ့ပြီးဖြစ်သည်။
  ပေါက်မြို့နယ်တွင် ၂၀၁၆ခုနှစ် မေလ ၄ ရက်နေ့အထိ သောက်သုံးရေရှားပါးသည့် ဒေသများသို့ နေ့စဉ်ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်းကို ဒေသခံများက သိရှိရ၍ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရသော ပြည်သူများအနေဖြင့် ၀မ်းသာလျက်ရှိကြကြောင်းနှင့် မကွေးတိုင်း ဒေသ ကြီးအတွင်းတွင် သောက်သုံးရေခက်ခဲမှုရှိသည့် ပခုက္ကူခရိုင်တွင် နှစ်မြို့နယ်နှင့် မကွေးခရိုင် အတွင်း ရှိ နတ်မောက်၊ချောက်၊မြို့သစ်မြို့နယ်များသို့ ရေသယ်ယာဉ်ငါးစီးကို စေလွှတ်ထားကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment