Monday, April 11, 2016

တိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်ပင်သာကျေးရွာမီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးညှိနှိုင်း


မကွေး ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် လုံခြုံရေး နှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၈ ရက် ညနေ ၄ နာရီခွဲက မကွေးမြို့နယ် ညောင်ပင်သာကျေးရွာသို့ သွားရောက်ကာ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ကျေးရွာလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီိးဝန်ကြီးချုပ်မှ မီးဘေးသင့် ညောင်ပင်သာကျေးရွာအား စံပြကျေးရွာအဖြစ် ပြန်လည်ထူထောင်နိုင်ရန် ကျေးရွာပြည်သူများနှင့် လာရောက်တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းကာ ကျေးရွာအိမ်ခြေများ စနစ်တကျ အကွက်ချထားဆောင်ရွက်ပေးနိုင်ရေး၊ သောက်သုံးရေဖူလုံ စွာရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများတို့အတွက် အစီအမံများချမှတ် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဒေသခံပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေ လိုကြောင်း၊ ယခုလောင်ကျွမ်းခဲ့သည့် မီးလောင်မှုမှာ ကျေးရွာလမ်းများ ကျဉ်းမြောင်းမှုကြောင့် မီသတ်မော်တော်ယာဉ်များ အချိန်မီရောက်ရှိသော်လည်း ကျေးရွာအတွင်း ၀င်ရောက်မှု အခက်အခဲရှိသည့်အတွက် တစ်ရွာလုံး ဆုံးရှုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါကြောင်း၊ ဒါ့ကြောင့် ကျေးရွာ ပြည်သူများ အနေဖြင့် စံပြကျေးရွာအဖြစ်ထူထောင်ရာတွင် သူသာသည် ငါသာသည် မတွေးဘဲ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား ခဲ့သည်။
၎င်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဦးနှင့်အတွင်းရေးမှူးတို့မှ မီးဘေးသင့်ပြည်သူများနှင့် ကျေးရွာတွင်လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်ဆွေမှ မီးဘေးသင့်ကျေးရွာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျေးရွာပြည်သူများအတွက် သောက်သုံးရေ သယ်ယူရာတွင် မော်တော်ယာဉ်ဆီ ၀ယ်ယူအသုံးပြုနိုင်ရန် ငွေကျပ်(၁)သိန်းအား ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment