Tuesday, March 15, 2016

မင်းဘူးမြို့ ရပ်ကွက်နေပြည်သူများ သောက်သုံရေဖူလုံစွာရရှိရေး တိုးချဲ့ဆောင်ရွက်




မင်းဘူး      မတ်       ၁၄
          မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့သည် ဧရာဝတီမြစ်အနောက်ကမ်းစပ်တွင် မြို့တည်ထားရှိ သော်လည်း ရာသီဥတုအပူချိန်အရ မြန်မာနိုင်ငံတွင် အပူချိန်အများဆုံး မြို့များထဲတွင် တစ်မြို့အပါအ၀င်ဖြစ်ပြီး သောက်သုံးရေ ရှားပါးသော မြို့တစ်မြို့ဖြစ်သည်။မင်းဘူးမြို့သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိပြီး၊ အိမ်ခြေ (၅၂၀၅)အိမ်၊ လူဦးရေ (၂၉၈၈၆)ဦး မှီတင်းနေထိုင်လျက်ရှိသည်။မြေအောက်ရေတွင်းတူးသော်လည်း ကျောက်ကျောများခံနေ ခြင်း၊အနက်ပေများစွာတူးသော်လည်း ရေမထွက်ရှိခြင်း၊မြေပြန့်ရပ်ကွက်များတွင် မြေအောက်ရေတွင်း တူးဖော်၍ ရေထွက်ရှိသော်လည်း ရေငံများဖြစ်နေခြင်းနှင့် ထုံးဓါတ်များနေခြင်းတို့ကြောင့်၊ သောက်သုံးရေ အခက်အခဲရှိခဲ့ရာမှ ယခုအချိန်ထိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က  မြို့ရေပေးရေးလုပ်ငန်းများဖြစ်သည့် ကျောက်တန်းရေပေးရေး၊ မန်းရေနံရေပေးရေးနှင့် တာဘိုင်ရေပေးရေးတို့မှ သောက်သုံးရေကို ရရှိရေး စီမံဆောင်ရွက်ပေး နေလျက်ရှိသည်။ လက်ရှိမြို့ရေပေးရေးမှ မြို့ပေါ်(၄)ရပ်ကွက်တွင် အိမ်သွယ်ရေတိုင်ပေါင်း (၁၇၈၉)တိုင်၊အများသုံးရေတိုင်(၃၇)တိုင်၊ နေ့စဉ်ရေဖြန့်ဝေသည့် ဂါလံပေါင်း(၅ ဒဿမ ၆)သိန်းခန့်ဖြန့်ဝေပေးနေလျက်ရှိသည်။
          နိုင်ငံတော်အကြီးအကဲများ မင်းဘူးမြို့သို့ လာရောက်ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်များတွင် မြို့နယ် စည်ပင်သာယာရေးကော်မတီ၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီနှင့် မြို့မိ/မြို့ဖများမှ တိုးချဲ့မြို့ရေပေး ရေးရရှိရန် အစဉ်တစိုက် တောင်းဆိုခဲ့ရာမှ ၂၀၁၅-ခုနှစ်တွင် ကျပ်သိန်းပေါင်း (၁၆၀၀)ကျော် ခွင့်ပြုရရှိခဲ့သည်။ ထိုခွင့်ပြုငွေဖြင့် မင်းဘူးမြို့ တိုးချဲ့မြို့ရေပေးရေးလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လုပ်ငန်းများအလိုက် တင်ဒါများခေါ်ယူဆောင်ရွက် ခဲ့သည်။တင်ဒါရရှိခဲ့သော လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးလျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းမှလည်းကောင်း၊ ရေတင်ပန့်များ တပ်ဆင်ခြင်းလုပ်ငန်းကို ဟန်စိန်သန့်ကုမ္ပဏီမှ လည်းကောင်း၊ ရေတင်ရေဖြန့်ဝေပိုက်လိုင်းသွယ် တန်းခြင်းလုပ်ငန်းကို WWW ကုမ္ပဏီမှလည်းကောင်း၊ ရေသန့်စင်တည်ဆောက်ရေးလုပ်ငန်းများကို ပွင့်ဦးကုမ္ပဏီ မှလည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ အဆိုပါ မြို့တိုးချဲ့ရေပေးရေးလုပ်ငန်းများ ပြီးစီးပါက တာဘိုင်ရေစက်ရုံ၊ လိပ်တောင်ရေလှောင်ကန်၊အောင်မြေရေ လှောင်ကန်နှင့် အမှတ်(၂)ရပ်ကွက်ရှိ မြစ်ရေတင်တို့မှတဆင့် မြို့ပေါ်ရပ်ကွက်နေပြည်သူအများ အား သောက်သုံးရေ ဖူလုံစွာဖြန့်ဝေပေး နိုင်မည်ဖြစ်သည်။
အဆိုပါကုမ္ပဏီများမှ ၂၀၁၆-ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင် လုပ်ငန်းများအပြီးဆောင်ရွက်၍ မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကုမ္ပဏီများမှသာ တာဝန်ယူဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။ ကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကုမ္ပဏီမှ လုပ်ငန်းများပြီးစီးပါက အဆိုပါလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့သို့လွှဲပြောင်း/လက်ခံရယူပြီးမှသာ မြို့ပေါ်ရပ်ကွက်များရှိ အိမ်သွယ်ရေတိုင်များကို စတင်သွယ်တန်းပေးသွား မည်ဖြစ်သည်။
          မင်းဘူးမြို့ တိုးချဲ့မြို့ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မြို့ပေါ်(၄)ရပ်ကွက်နေပြည်သူ များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းဦးဆောင်သော မြိုနယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌတို့မှ တွေ့ဆုံရှင်းလင်းဆွေးနွေး ပွဲများဆောင်ရွက်ခဲ့ပြီး အိမ်သွယ်ရေတိုင်များ လျှောက်ထားနိုင်ရေး အသိပေး ရှင်းလင်းခဲ့ရာ မတ်လ(၁၄)ရက်နေ့အထိ အိမ်သွယ်ရေတိုင်လျှောက်လွှာ (၆၀၀)ကျော်ခန့် လက်ခံရယူ၍ အိမ်သွယ်ရေတိုင်များ ဆက်သွယ် ဆောင်ရွက်ပေး နေလျက်ရှိသည်။
          အိမ်သွယ်ရေတိုင်(၁)တိုင်အတွက် ကျသင့်ငွေမှာ ရေမီတာနှင့် ဆက်စပ်ပစ္စည်းတန်ဘိုး(၄၂၀၀၀ိ/-)ကျပ်၊မှတ်ပုံတင်ကြေး(၃၀၀၀၀ိ/-)ကျပ်၊ ဆပ်မိန်းကိရိယာနှင့်လုံခြုံရေးတပ်ဆင်ခ(၂၅၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ကုန်ကျငွေမှာ (၉၇၀၀၀ိ/-)ကျပ်ဖြစ်ကြောင်းနှင့် သွယ်တန်းရမည့် လမ်းအနေအထားအကွာအဝေးပေါ်မူတည်၍ ပိုက်များသွယ်တန်းခြင်းအတွက် တစ်ပေလျင် (၄၀ိ/-)ကျပ်နှုန်းဖြင့်လည်းကောင်း၊မြေတူးခတစ်ပေလျင်(၃၀၀ိ/-) ကျပ်နှုန်းဖြင့်လည်းကောင်း၊ကျသင့်မည်ဖြစ်ပြီး အိမ်ရှင်ကိုယ်တိုင်းမြေတူးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် ခွင့်ရှိကြောင်း၊အဆိုပါကုန်ကျငွေများနှင့်ပတ်သက်၍ မှတ်ပုံတင်ကြေးပေးသွင်းငွေ(၃၀၀၀၀ိ/-)ကျပ်ကိုသာ အဖွဲ့ငွေစာရင်း(ဘဏ်)သို့ ပေးသွင်းရမည်ဖြစ်ပြီး၊ ကျန်ကုန်ကျငွေများမှာ ကိုယ်ပိုင်ရေတိုင် ဆက်သွယ်သည့်နေ ရာတွင်သာ အကုန်သုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် စုစုပေါင်းကုန်ကျငွေ(၉၇၀၀၀ိ/-)ကျပ်အား တစ်ကြိမ်တည်း ပေးသွင်း၍သော်လည်းကောင်း၊(၄)ကြိမ်ခွဲ၍ ပေးသွင်းခြင်းဖြင့်လည်းကောင်း လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်သူက ပြောပြချက်အရသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment