Tuesday, March 29, 2016

ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်းပေါ်ရှိ ရွှေစမ်းချောင်းတံတား(ကဇွန်းမ)ဖွင့်ပွဲ ကျင်းပ


ဆိပ်ဖြူ      မတ်      ၂၇
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၈၅၅.၈)သန်း အသုံးပြု၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၅)၊ တံတားတည်ဆောက်ရေးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်သော ရွှေစမ်းချောင်းတံတား(ကဇွန်းမ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါတံတားမုဉ်ဦးရှေ့၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက် အမှာစကားပြော ကြားခဲ့သည်။ 
၎င်းနောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ  ဦးကြည်မြင့်က ဒေသခံများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးဝင်းဖေ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေ၊  တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှးချုပ် ဦးရွှေလေး နှင့် ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်တို့မှ ရွှေစမ်းချောင်းတံတား(ကဇွန်းမ)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ တံတားဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဧည့်သည်တော်များ ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဒေသခံများက မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ ဧည့်သည်တော်များနှင့်အတူ ကျောက်စာ တိုင်အား အမွှေးနံ့သာရည်ပက်ဖြန်းခဲ့ကြပြီး ရွှေစမ်းချောင်းတံတား(ကဇွန်းမ)ပေါ်သို့ ဖြတ်သန်းကြည့်ရှု ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဘင်ခရာတီးဝိုင်နှင့်ပန်းပွားအကအဖွဲ့များအား ဂုဏ်ပြု ဆုငွေချီးမြှင့်ပေးကာ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါတံတားသည် ဆိပ်ဖြူ-ဆော-ကန်ပက်လက်လမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၇/၆ - ၇/၇)ကြား ဆိပ်ဖြူမြို့နယ်အတွင်း၌တည်ရှိပြီး တံတား အရှည် (၈၄၀)ပေ၊ အကျယ်၂၄ပေ၊လူသွားလမ်းအကျယ် တစ်ဘက်(၂)ပေစီဖြင့် တံတားခံနိုင်ဝန် တန်(၆၀)ရှိ သံကူကွန်ကရစ် အမျိးအစားဖြစ်ကာ ၊ ၂၀၁၅ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် စီမံကိန်းစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ခုနှစ် မတ်လ ၂၅ ရက် နေ့တွင် လုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရှိရသည်။

            သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment