Friday, March 25, 2016

လက်ပံရွာသစ်ကျေးရွာတွင် ပညာရောင်ခြည် စာကြည့်တိုက်ဖွင့်လှစ်


မကွေး     မတ်     ၂၄
မကွေးမြို့နယ် လက်ပံရွာသစ်ကျေးရွာတွင် ပညာရောင်ခြည် စာကြည့်တိုက်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီကကျင်းပပြုလုပ်ရာ ဆရာတော် ဦးသြဘာသနှင့်မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးမျိုမောင်မောင်ကျော်တို့က ပညာရောင်ခြည်စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ဆရာတော် ဦးသြဘာသနှင့် ရပ်မိရပ်ဖ ဦးမြဒင်တို့မှ စာကြည့်တိုက် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးမြို့နယ်ပြန်/ဆက်ဦးစီးမှူးက စာကြည့်တိုက် ရေရှည်တည်တံ့ရေးကိစ္စနှင့် အယ်နီညိုအကြောင်း သိကောင်းစရာများ ပြောကြားကာ ကျေးရွာ ပြည်သူ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျေးရွာပြည်သူ ဒေါ်စန်းကြည်က ``ကျွန်မတို့ရွာက စာပေတန်ဖိုးကိုသိပါတယ် အခုအချိန်မှာစာဖတ်မှဗဟုသုတရှိမယ် ဗဟုသုတရှိမှ မိမိဘ၀၊ကျွန်မတို့ ပတ်ဝန်းကျင်နှင့်ကျွန်မတို့ရွာ ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်ပါတယ် ၂၀၁၂ ခုနှစ်က ကျွန်မ တို့ရွာမှာ စာပေဟောပြောပွဲလုပ်ပြီးကတည်းက စာကြည့်တိုက်ဖွင့်ချင်တာ ဒါမေမယ့် အကြောင်း အမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ဘူး ခုတော့ ဆရာတော်ဦးသြဘာသက ဦးဆောင်ပြီး ရွာမှာ စာကြည့်ရှိအောင်လုပ်ကြမယ် ရွာရှိ လူကြီး/လူငယ် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မိန့်ကြား တော့ အလွန်ဝမ်းသာပြီး  ကျွန်မတတ်နိုင်တဲ့ လုပ်အားဒါနနဲ့ ပါဝင်ခဲ့သလို စာကြည့်တိုက်ပိုင် မြေနဲ့  ရေရှည်တည်အောင် ဒီမြေကိုလှူဒါန်းခဲ့တာပါ အခုကိုယ်လှူလိုက်တဲ့ မြေကွက်လေးပေါ်မှာ ကျေးရွာပြည်သူတွေအတွက် အလွန်လိုအပ်တဲ့ စာကြည့်တိုက်အဆောက်အဦ တစ်ခုပေါ်လာပြီး မြို့နယ်ပြန်/ဆက်မှလည်း အသိအမှတ်ပြု ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်တွေ လှူဒါန်းပေးတဲ့ မြင်ကွင်းလေးကို မြင်ရတော့ အလွန်ဝမ်းသာကြည်နူးမိကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် ပညာရောင်ခြည် စာကြည့်တိုက်မှာ အလျား ၁၂ ပေ၊ အနံ ၁၅ ပေရှိ တစ်ထပ်သွပ်မိုး၊ အုတ်ကာ၊သံမံတလင်းခင်း အဆောက်အဦဖြစ်ပြီး စုစုပေါင်းငွေကျပ်(၁၅)သိန်း ကုန်ကျခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment