Thursday, March 31, 2016

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကတိသစ္စာပြု


မကွေး    မတ်     ၃၁
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက်(၁၀း၀၀)နာရီက မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မှ ကတိသစ္စာပြုခဲ့သည်။
ဆက်လက်ပြီး ၂၀၁၆ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက တင်သွင်းပြီး ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ ဧပြီလ(၄)ရက် (တနင်္လာနေ့) လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အကြောင်းအရာတို့ကို ဖော်ပြ၍  ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက် (တနင်္လာနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာကာ အဋ္ဌမနေ့အစည်းအဝေးကို (၁၀း၃၅)အချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment