Tuesday, March 29, 2016

မင်းဘူး(စကု)မြို့နယ် ဒုတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်း ကျင်းပ


မင်းဘူး     မတ်      ၂၉
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ် ဒုတိယအကြိမ်မြောက်(၂၀၁၅-ခုနှစ်)ပါဠိပထမပြန်စာ အောင် သံဃာတော်(၃၅)ပါးတို့အား အောင်လက်မှတ်နှင့်စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို မတ်လ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကြွရောက်လာသော ဧည့်ပရိသတ်များက မင်းဘူးမြို့ ရွှေတွင်းကျောင်းတိုက်၊ပဓာနနာယက မြို့နယ်သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒန္တသာသန ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်းသူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကြပါသည်။ထို့နောက် ကြီးကြပ်ရေးဆရာတော်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် တာဝန်ရှိသူ များက လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ သာသနာရေးဆိုင်ရာများ ကို လျှောက်ထားပါသည်။
ဆက်လက်၍ စာအောင်သံဃာတော်အရှင်သူမြတ်တို့အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုများကို ဆက်ကပ်လှူဒါန်းပြီး၊ မင်းဘူးမြို့ မဟာဝိသုတာရာမတိုက်သစ်ကျောင်း တိုက် ပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဥာဏိကထံမှ အနုမောဒနာ တရားနာ ကြာကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။
အဆိုပါ စူဠဘွဲ့နှင်းသဘင်းအခမ်းအနားတွင်  ၂၀၁၅-ခုနှစ် ပါဠိ ပထမပြန် စာမေးပွဲ၌ ပထမကြီးတန်း (၆)ပါး၊ ပထမလတ်တန်း(၆)ပါး၊ပထမငယ်တန်း (၂၃)ပါး စုစုပေါင်း(၃၅)ပါး အောင်မြင်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment