Tuesday, March 29, 2016

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးသတ္တမနေ့ ကျင်းပပြုလုပ်


မကွေး      မတ်      ၂၉
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက်(၁၀း၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၈)ဦးတက်ရောက်၍ (၁၀၀) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပွင့်ဖြူမဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအောင်မိုးညိုအား ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသည့် အတွက် လွှတ်တော်၏ သဘောတူညီချက်ကိုရယူကာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာပြီး ၎င်းပုဂ္ဂိုလ်၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ မကွေးတိုင်းဒေသကြီး လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူထံ ပေးပို့သွားမည်ဖြစ် ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ပွင့်ဖြူ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအောင်မိုးညိုမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယ အကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက် (ကြာသပတေးနေ့) နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာကာ သတ္တမနေ့အစည်းအဝေးကို (၁၀း၁၅)အချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment