Monday, March 28, 2016

စလင်းမြို့မှ မြန်မာ့ရိုးရာ ယက္ကန်းစင် လုပ်ငန်း အောင်မြင်လျက်ရှိ




စလင်း     မတ်     ၂၆
          မင်းဘူးခရိုင်၊စလင်းမြို့နယ်၊၀က်သည်းကန်၏တောင်ဘက်ရှိ ရှမ်းရွာကုန်းကျေးရွာတွင် မြန်မာ့ရိုးရာ လက် ယက္ကန်းစင်လုပ်ငန်း အောင်မြင်လျက်ရှိကြောင်းသိရသည်။

          ရှမ်းရွာကုန်းရွာ၊ ဦးနိုင်မင်းထွေးမှ လက် ယက္ကန်းစင်လုပ်ငန်းအားစတင် တည်ထောင် လုပ်ကိုင်ခဲ့ရာ ယခုအခါ ယက္ကန်းစင်(၁၅)စင်ဖြင့် ဆက်လက်လုပ်ကိုင်အောင်မြင်လျက်ရှိသည်။ဦးနိုင်မင်းထွေးမှ “ ကျွန်တော်တို့ ရှမ်းရွာကုန်းရွာလေးက စလင်းမြို့ရဲ့ ၀က်သည်းကန်တောင်ဘက်၊ရှေးဟောင်းရုပ်စုံကျောင်း၏ အနောက်ဘက်မှာ တည်ရှိပြီး ဘုရား၊စေတီ၊ဘုန်းတော်ကြီးကျောင်းများဖြင့် ၀ိုင်ရံထားသလိုဖြစ်နေတော့ ကျေးရွာနေပြည်သူတွေ အလုပ်အကိုင်ရှားပါးကြတယ်၊အများစုက ပျိုးစည်းနှီး လုပ်ငန်းပဲလုပ်ကိုင်ကြတယ်၊ကျေးရွာနေပြည်သူတွေ အလုပ်အကိုင်ရရှိအောင် ရွှေဘိုမြို့နယ် ဆိပ်ခွံရွာမှာ ယက္ကန်းလုပ်ငန်းကို သွားရောက်လေ့လာပြီး စလင်းမြို့မှာ စတင်ထူးထောင်ဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ လက်ယက္ကန်းလုပ်ငန်းကို ရှေးဟောင်းရုပ်စုံကျောင်းကို လာရောက် လေ့လာတဲ့ နိုင်ငံခြားသား များကလည်း လာရောက်ကြည့်ရှု အားပေးကြပါတယ်၊ယက်လုပ်ထားတဲ့ အထည်တွေ လည်း နှစ်ခြိုက်စွာ ၀ယ်ယူကြတယ်၊အများအားဖြင့် မန္တလေးနှင့် ရန်ကုန် အော်ဒါမှာတဲ့ ဆိုင်တွေ ပို့တာများပါတယ်၊ ယက်လုပ်တဲ့အထည်တွေကတော့ အမျိုးသားဝတ်လုံချည်နှင့် အမျိုးသမီးဝတ် အထည်တွေ များပါတယ်၊ကုန်ကြမ်းဖြစ်တဲ့ ချည်ကို ရွှေဘိုမြို့ ဆိပ်ခွံရွာကမှာယူရတယ်၊အဓိက ယက်လုပ်တာက အမျိုးသမီး ၀တ် ကချင်လုံချည်တွေပါ၊(၂/၁၀၀)မာဆလိုက်ချည်နဲ့ယက်လုပ်တယ်၊(၄ တောင် ၁ ထွာ) တစ်ထည်ကို ဒီဇိုင်း ပေါ်မှုတည်ပြီး (၄၅၀၀)ကျပ်မှ (၃၀၀၀၀ိ/-)ကျပ်ထိရှိပါတယ်၊သီးသန့် အော်ဒါမှာလို့ အထူးယက်လုပ်ပေးရတာ လည်းရှိတယ်၊အမျိုးသားဝတ် လုံချည်ကိုတော့ (၂/၈၀)မာဆလိုက်ချည်၊(၂/၄၀)မာဆလိုက်ချည်များဖြင့် ယက်လုပ်ပေးတယ်၊ မန္တလေး၊ရန်ကုန်ဆိုင်ကြီးတွေရောက်မှ တံဆိပ်အမျိုးမျိုးကပ်ပြီး ဈေးတင်ရောင်းကြတယ်၊ ဒီမှာက ဈေးချိုတယ်၊ကျွန်တော့ယက္ကန်းစင်က အမျိုးသမီးဝတ်(၀မ်းဆက်)တစ်စုံကို (၁၂၀၀၀ိ/-)ကျပ်နဲ့ ရောင်းတယ်၊ဆိုင်ပေါ်ရောက်သွားရင် တံဆိပ်ကပ်ပြီး (၂၀၀၀၀ိ/-)ကျပ်ဖြစ်သွားတယ်၊တစ်ရက်ကို (၁၅)ထည်မှ (၂၀)ထိ ယက်လုပ်နိုင်ပါတယ်၊တစ်ပတ်ကို အထည် (၅၀၀)ကျော် အော်ဒါမှာယူတဲ့ ဆိုင်ကြီးတွေကို ပုံမှန်တင်ပို့ပေးနေရပါတယ် ” ဟုပြောသည်။
          လက်ယက္ကန်းစင်များကို ကျေးရွာအတွင်းရှိ အချို့အိမ်များတွင်လည်း တစ်ပိုင်တစ်နိုင် တစ်စင်မှ (၃)စင် အထိထားရှိလုပ်ကိုင်လျက်ရှိပြီးအော်ဒါမှာယူသည့်အပေါ်မှုတည်၍ လက်ခံ  ယက်လုပ်ပေးလျက်ရှိသည်။ယက္ကန်း ယက်လုပ်သည့် အလုပ်သမ(အမျိုးသမီး)များမှာ တစ်ထည်ကို ယက်လုပ်ခ (၃၀၀၀ိ/-)ကျပ်ရရှိပြီး၊တစ်နေ့ (၃၀၀၀ိ/-)ကျပ်မှ နေ့/ည ယက်လုပ်ပါက(၅၀၀၀ိ/-)ကျပ်အထိ ရရှိကြသည်။တခြားမြို့နယ်များမှ ပညာသင် လာရောက်လုပ်ကိုင်သူများလည်းရှိပြီး ယက္ကန်းလုပ်ငန်းအား အခမဲ့ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment