Wednesday, March 30, 2016

မင်းဘူးမြို့တွင် ကုန်တင်ကားအမိုးနှင့် လျှပ်စစ်မီးကြိုးထိပြီး ကုန်ပစ္စည်းများနှင့်ကားတစ်စီးလုံး မီးလောင်မှုဖြစ်ပွား




မင်းဘူး၊ မတ် ၃၀
          မင်းဘူးမြို့၊ အမှတ် ၄ ရပ်ကွက်၊ ရှင်မင်းဘူးဘုရားအနီး မင်းဘူးခရိုင်ရဲတပ်ဖွဲ့ကွင်းထဲတွင် မတ်လ၃၀ ရက်၊ ညနေ ၄း၂၀နာရီအချိန်မှာ ကုန်ပစ္စည်းများနှင့် UD နီဆန်း(ဒီဇယ်) ခေါင်းဖြူ၊ ကိုယ်ထည်အပြာရောင်၊ ယာဉ်မောင်း အောင်အောင်(ခ)ဖိုးအောင်(၃၇)နှစ်၊ ယာဉ်အမှတ် ၃ခ/၆၀၁၉ ကားတစ်စီးလုံးမီးလောင်မှုဖြစ်ပွားကြောင်းဒေသခံ ကိုဝင်းမှမြေလတ်ဂျာနယ်ကိုပြောသည်။ 


` အဲဒီကားက မကျီးချောင်းဘက်ကနေ မီးခိုးတွေနဲ့  ရှင်မင်းဘူးဘုရားဘက် ရွှေဝါကုန်းရပ်ကွက်ကို ဦးတည်မောင်းလာတယ်။ဧရာဝတီမြစ်ထဲမောင်းချဖို့လာတယ်လို့ထင်ပါတယ်။မင်းဘူးခရိုင်ရဲတပ်ဖွဲ့ရုံးအရောက်မှာ တားဆီးလိုက်တယ်။ မင်းဘူးခရိုင် ရဲတပ်ဖွဲ့ကွင်းပြင်ထဲရောက်တော့ မီးခိုးတွေက တော်တော်ထွက်လာတယ်၊ မီးသတ်ကားတွေအချိန်မီ ရောက်လာပြီး မီးငြိမ်းသွားပါတယ်။´´ဟု ကိုဝင်းက ဆက်ပြောသည်။

          ဖြစ်စဉ်မှာ၊  UD နီဆန်း(ဒီဇယ်) ခေါင်းဖြူ၊ ကိုယ်ထည်အပြာရောင်၊ ယာဉ်အမှတ် ၃ခ/၆၀၁၉၊ ယာဉ်မောင်း အောင်အောင်(ခ)ဖိုးအောင် က  မင်းဘူးမြို့၊ မကျီးချောင်းရပ်ကွက်သားဖြစ်ကြောင်း၊ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀နာရီအချိန်မှာ သူရဲ့နေအိမ်သို့ ကားမောင်းဝင်လာကြောင်း၊ တင်ဆောင်လာသောပစ္စည်းများမှာ မော်တော်ဆိုင်ကယ်(တရုပ်) ၄စီး၊ လက်ဖက်ရည်အချိုခြောက် ၂တင်းအိပ်၃ အိပ်၊ ကြက်ဥဖာ ၃၀၊ ဂဏန်းထည့်သည့် ဖော့ဖာ ၂၀ ပါကင်၊ ကုန်စုံ ၈ဖာနှင့် ပလပ်စတစ် ကြိုးခွေအိပ် ၈အိပ်တို့ကို မန္တလေးမြို့မှ တင်ဆောင်လာပြီး စစ်တွေမြို့သို့ ပို့ဆောင်ရန် တင်ဆောင် လာကြောင်း၊ ညနေ ၄း၁၅ နာရီအချိန်ခန့်တွင် မကျီးချောင်းရပ်ကွက် မှ ပြန်လည်ထွက်ခွာလာစဉ် လမ်းပေါ်မှ ၄၀၀ ဗို့အားရှိ လျှပ်စစ်မီးကြိုးနှင့် ကားအမိုးကိုင်းအထက်ထိတင်လာသော ဖော့ဖာများနှင့် မီးကြိုးတိုက်မိပြီး ရှော့တိုက်၍ မီးပွားများကျကြောင်း၊ ယင်းမီးပွားများသည် ကားတွင်းသို့ကျပြီး မီးခိုးများအူတက်လာမှ မီးလောင်ကြောင်းသိရကြောင်း၊ ညနေ ၄း၂၀နာရီအချိန်မှာ မီးစတင်ငြိမ်းပြီး၎း၃၀ နာရီတွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ဆုံးရှုံးတန် ဖိုး၊ ငွေကျပ် ကိုးသိန်းခန့်ရှိကြောင်း၊ မင်းဘူးမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးထွန်းထွန်း က မြေလတ်ဂျာနယ် ကိုပြောသည်။

`` မကျီးချောင်းရပ်ကွက်ထဲ ၀င်တဲ့အချိန်က နံနက် ၁၀နာရီခန့် ဆိုတော့ အေးနေတဲ့အချိန်ပါ။ မီးကြိုး က အေးနေတုန်းအချိန်မှာ တင်းနေပါတယ်။ ဒါကြောင့် ၀င်တဲ့အချိန်က မီးကြိုးနဲ့ကား လွတ်နေပါတယ်။ ညနေ ၄း၁၅ နာရီအချိန်ပြန်ထွက်တော့ ရာသီဥတုက အပူရှိမြင့်နေပါတယ်။ ပူနေတော့ မီးကြိုးက လျော့ကျနေလို့ ပြန်အထွက်မှာ ကားအမိုးကိုင်းအထက်ပိုတင်လာတဲ့ ဖော့ဖာတွေနဲ့ မီးကြိုးတိုက်မိတာ၊ မီးကြိုးနဲ့ တိုက်ပြီး ၀ါယာရှော့တိုက်ပြီး မီးပွားတွေ ကားထဲကျတယ်။ တင်ထားတဲ့ကုန်တွေက လည်း ဖော့ဖာတွေဆိုတော့ မီးကူးစက်လောင်ဆာတွေဖြစ်နေပါတယ်။´´ ဟု ဦးထွန်းထွန်း(မြို့နယ် မီးသတ်၊ ဦးစီးအရာရှိ က ဆက်လက်ပြောသည်။

          မီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း အောင်အောင်(ခ)ဖိုးအောင်(၃၇)နှစ်(အဖ) ဦးမြင့်သန်း၊ မန်ကျီးချောင်းရပ်ကွက်၊ မင်းဘူးမြို့ နေသူအား (ပ)၅၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် မင်းဘူးမြို့မစခန်းတွင် အရေးယူဆောင်ရွက်ထားကြောင်း မင်းဘူးမြို့နယ်မီးသတ်တပ်ဖွဲ့၊ ဦးထွန်းထွန်း(ဦးစီးအရာရှိ)ထံမှ သတင်းရရှိသည်။
ဝင်းသန်း(မင်းဘူး)

0 comments:

Post a Comment