Saturday, February 27, 2016

အေးချမ်းရွှင်ပျော် မန်းရွှေစက်တော် ဖူးမျှော်ကြစို့နော်


မင်းဘူး        ဖေဖော်ဝါရီ        ၂၆
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကြီးအား တပိုတွဲလဆန်း(၅)ရက်နေ့မှစ၍ (၂)လကြာ ရက်ရှည် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ထိုသို့ ဘုရားပွဲတော်ကြီး အေးချမ်းတည်ငြိမ် ပျော်ရွှင်ချမ်းမြေ့စွာကျင်းပလျက်ရှိရာမှ face book စာမျက်နှာတို့တွင် ဧရာဝတီမြစ်ရေကြီးမှုများကြောင့် မင်းဘူးမြို့ စိုးရိမ်ရေအမှတ်အထိ မြှင့်တက် လာနိုင်ကြောင်းနှင့် ဆက်စပ်၍ ဧရာဝတီမြစ်ရေမှ တဆင့် မန်းချောင်းအတွင်းဝင်ရောက်ကာ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီး ရေလွှမ်းမိုး နိုင်သည့် အနေအထားအထိ မဟုတ်မမှန် လုပ်ကြံရေးသား ဖော်ပြလျက်ရှိကြသည်။
မန်းရွှေစက်တော်သို့ စီးဆင်းလျက်ရှိသော မန်းချောင်းရေသည် ရခိုင်ရိုးမမှတဆင့် စတင်စီဆင်းလာပြီး ငဖဲမြို့နယ်၊ကျောင်းကုန်းကျေးရွာအနီးတွင် ရေဆင်းဧရိယာ (၁၃၆)စတုရန်မိုင်ရှည်လျှားသော ရေလှောင် ပမာဏ(၁၂၀၀၀၀)ဧကပေရှိ မန်းချောင်းရေတမံဖြင့် သိုလှောင်ထားရှိပြီး၊လက်ဝဲ/လက်ယာမြောင်းမကြီးများနှင့် မန်းချောင်းအတွင်းသို့ ရေများဖြန့်ဝေပေးနေလျက်ရှိသည်။ လက်ဝဲ/လက်ယာမြောင်းမကြီးများမှ နွေစပါးဧက (၁၅၆၀)ဧက စိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှ စတင်ရေများ လွှတ်ပေးလျက်ရှိပြီး အလယ်ပေါက်မှ မန်းရွှေစက်တော်ရာဘုရားပွဲတော် မှတဆင့် အိုင်မဆည်သို့ နွေနှမ်း (၁၄၀၀၀)ဧက စိုက်ပျိုးနိုင်ရန် ရေများ လွှတ်ပေးထားလျက်ရှိသည်။လက်ဝဲ/လက်ယာမြောင်းမကြီးများမှ (၅၀) ကုဗပေ/စက္ကန့်နှင့် အလယ်ပေါက်မှ (၁၀၀)ကုဗပေ/စက္ကန့် ၊စုစုပေါင်း (၁၅၀)ကုဗပေ/စက္ကန့် ရေများ ထုတ်လွှတ် ပေးနေလျက်ရှိရာ ငဖဲမြို့နယ်နှင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ တောင်သူများ နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးနိုင်ရန် ထွန်ရေး ပြင်ဆင်ပျိုးထောင်နေလျက်ရှိကြသည်။
“မန်းချောင်းတမံဟာ ကန်ရေပြည့်ရေလှောင်ပမာဏ တစ်သိန်းနှစ်သောင်း ဧကပေရှိရာ၊ယခု (၁၀၃၁၅၀) ဧကပေရှိနေပြီး ကန်ရေပြည့်ရောက်ရန် (၁၆၈၅၀) ဧကပေလိုနေသေးပါတယ်၊မန်းချောင်းတမံမှ တဆင့် စိုက်ပျိုးရေများကိုလည်း နေ့စဉ်ထုတ်လွှတ်ပေးနေတာကြောင့် မန်းချောင်းရေကြီးပြီး ဘုရားပွဲတော်ကွင်း ရေလွှမ်းမိုးမှုဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပါ ” ဟု မင်းဘူးခရိုင်၊ဆည်မြောင်းဦးစီးဌာန၊ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်းမှ ပြောသည်။
“မန်းရွှေစက်တော်ရာဘုရား ရေကြီးနိုင်တယ်ဆိုတဲ့ကိစ္စမှာ မြစ်ကြီးနားဘက်ရေကြီးတာကနေ ဧရာဝတီ မြစ်ရေမှတဆင့် မင်းဘူးမြို့ ကို စိုးရိမ်ရေအမှတ်ရောက်နိုင်တယ်လို ကြေညာထားတာရှိတယ်၊ မင်းဘူးမြို့ရဲ့ စိုးရိမ် ရေအမှတ်က (၁၇၆၀) စင်တီမီတာ၊ယခုလက်ရှိက (၅၄၈)စင်တီမီတာ ၊စိုးရိမ်ရေအမှတ်ရောက်ဖို့က (၁၂၁၂) စင်တီမီတာလိုသေးတယ်၊ဧရာဝတီမြစ်ရေတက်လာလျင်လည်း မန်းချောင်းမှတဆင့် မန်းရွှေစက်တော်ရာ ဘုရား
- ၂ -
ပွဲတော်ကွင်းအထိ ဆန်တက်လာနိုင်စရာအကြောင်းမရှိပါဘူး၊မန်းချောင်းရေ ဆန်တက်တယ်ဆိုတာလည်း တခါမှ မကြုံဘူးပါဘူး၊ဒါကြောင့် face book များက ဖော်ပြနေတာတွေကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူ များ ယုံမှားသံသယ မဖြစ်ကြပါနှင့်၊ဘုရားပွဲတော်ကြီးကို မီးသတ်အင်အား(၅၈)ဦး၊ကြက်ခြေနီ(၁၂)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၇၉)ဦးတို့ဖြင့် နေ့/ညမပြတ် မီးဘေး၊ရေဘေး လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး များကို စီမံ ဆောင်ရွက် ထားရှိပြီးလည်းဖြစ်ပါတယ်၊စိတ်အေးချမ်းသာစွာ မန်းချောင်းရေချို၍ ရေကစားနိုင်ရန် မန်းချောင်း အကျယ်(၈၀)ပေ၊အနက်(၂)ပေမှ (၃)ထိရှိပြီး အန္တရာယ်ဖြစ်စေနိုင်သော ရေ၀ဲနေရာများကိုလည်း ကန့်သတ်နယ်မြေအဖြစ် လုံခြုံစွာ ကာရံထားရှိပြီး သတိပေးဆိုင်းဘုတ်များလည်း ကြေညာထားပြီးဖြစ်ပါတယ်၊ ယခုလည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ နှင့် ပုံမှန်အတိုင်း စည်းကားလျက်ရှိပြီး အေးချမ်းတည်ငြိမ်စွာ ဘုရားပွဲတော်ကြီးကို နှစ်ဆန်း(၁)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု မန်းရွှေစက်တော် ဂေါပကအဖွဲ့ အထွေထွေစီမံ ဦးစိုးတင့်မှ ပြောသည်။
တစ်နှစ်မှတစ်ခါ၊ ရက်ရှည်ထူးခြားစွာကျင်းပမြဲဖြစ်သော အညာမြေ မင်းဘူးမြို့မှ မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယ ဘုရား ပွဲတော်ကြီးကျင်းပသည့်ရက်များနှင့် ကြုံကြိုက်သည့်အခိုက် မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာမြတ် နှစ်ဆူကို စိတ်အေးချမ်းသာစွာဖူးမျှော်၍ တောတောင်သဘာဝ ရှုခင်းအလှများနှင့် ရိုးရာဓလေ့ အထူးအဆန်း များကို ကြည့်ရှုလေ့လာရင်းဖြင့်  နမ္မဒါမန်းချောင်းရေ အေးအေးလေးမှာ ပျော်ရွင်ချမ်းမြေ့စွာရေကစားနိုင်ကြပါရန် တစ်ခေါက်တစ်ခါလောက် လာရောက်လှည့်ကြပါဟု  နှိုးဆော် တိုက်တွန်းလိုက်ရပေသည်။
တင်ထွန်းဦး(မင်းဘူး)
သတင်းဓါတ်ပုံ - သူရထွန်း

မှတ်ချက်။ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားမှု၊ခရိုင်ဆည်မြောင်းဦးစီးဌာနနှင့် မန်းရွှေစက်တော်ရာ ဘုရား ဂေါပကအဖွဲ့တို့၏ ပြောကြားချက်၊အတည်ပြုမှုများဖြင့် ကိုယ်တိုင်ရေးသားပေးပို့တင်ပြ အပ်ပါသည်။မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်ဖူးမျှော်ကြမည့် အများပြည်သူ များ သံသကင်းရှင်းစွာ လာရောက်ဖူးမျှော်နိုင်ရေးအတွက် ဖော်ပြပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment