Sunday, January 17, 2016

မကွေးမြို့မ ဈေးကြီးတွင် Public Digital Library Service စက် တပ်ဆင်


မကွေး     ဇန်န၀ါရီ     ၁၄
မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မကွေးမြို့မဈေးကြီးတွင် ဈေးသူ/ဈေးသားများ၊ ဈေးကြီးအား အမှီပြု၍ စီးပွားရေးလုပ်ငန်းများ ရှာဖွေလုပ်ကိုင်လျက်ရှိသည့်  လုပ်သားများ၊သုံးဘီးဆိုင်ကယ် သမားများ အားလပ်သည့်အချိန်တွင် အချိန်အကျိုးရှိစွာ စာပေ လေ့လာဖတ်ရှုနိုင်ရန် Public Digital Library Service စက်ကို မြို့မဈေးကြီး ဈေးခေါင်းရုံးတွင် ယနေ့နံနက် ၁၀ နာရီက တပ်ဆင်ပေးခဲ့သည်။
Public Digital Library Service စက်တပ်ဆင်ရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးခေါင်းနှင့် ဈေးသူ/ ဈေးသားများ၊ သုံးဘီးဆိုင်ကယ်သမားများနှင့် ရပ်ကွက်နေပြည်သူများက အသုံးပြုနည်းနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်နှင့်ဝန်ထမ်းများက ဖုန်းဖြင့်အသုံးပြုဆောင်ရွက်ပုံ အဆင့်ဆင့်ကို ရှင်းလင်း ပြသခဲ့သည်။
Public Digital Library Service စက်အား အသုံြး့ပုနေသူ ဦးခင်ဇော်(သုံးဘီးဆိုင်ကယ် သမား)က ခုလိုစက်များကို ပြန်/ဆက်ဦးစီးဌာနက တပ်ဆင်ပေးနေတာ အလွန်ကောင်းပါတယ် ကျွန်တော်တို့ သွားလာနေရတဲ့ ကားကြီးကွင်းမှာလည်း ဒီလိုစက်မျိုး တပ်ဆင်ပေးထားလို့ ကျွန်တော်တို့အတွက်များစွာအကျိုးရှိပါတယ်၊ ခရီးသည်စောင့်ရင်း ကိုယ့်ဖုန်းနဲ့ကိုယ် ဖတ်ချင်တာ လေးတွေ Downlaod လုပ်ထားပြီး ဖတ်ဖြစ်ပါတယ်၊အိမ်ရောက်တော့လဲ ကိုယ့်မိသားစုကို ပြန်ပြော ပြန်ဖတ်ပြရတာပေါ့ဟု ပြောကြားခဲ့ကြောင်းနှင့် မြို့မဈေးကြီးအတွင်းတွင် ဈေးဆိုင်ခန်းပေါင်း (၁၀၅၀) မှ ဈေးသူဈေးသားများ အနေဖြင့် အားလပ်သည့်အချိန်များတွင် စာပေလေ့လာဖတ်ရှုခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment