Wednesday, January 13, 2016

မင်းဘူး(စကု)မြို့နယ် ပညာရေးစုံညီပွဲတော်ကျင်းပ




မင်းဘူး      ဇန်န၀ါရီ      ၁၁
        ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ မင်းဘူး(စကု)မြို့နယ် မိဘ၊ဆရာ၊ကျောင်းသား ပညာရေးစုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ဇန်န၀ါရီလ (၁၁)ရက်နေ့ နံနက် (၉)နာရီအချိန်က မင်းဘူးမြို့ အ.ထ.က(၂) ကျောင်းရှေ့ မုခ်ဦးတွင်ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် ဖဲကြိုးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ခရိုင်ပညာရေးမှူး ဒေါ်ခိုင်မာလာနှင့် မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့သည်။ထို့နောက် ကျောင်းခန်းမတွင် ပညာရေးစုံညီပွဲတော်အခမ်းအနားအား ဆက်လက်ကျင်းပရာ အ.ထ.က(၂)  ကျောင်းသား/ကျောင်းသူလေးများမှ မြန်မာ့ကျောင်း သီချင်းဖြင့် ဖျော်ဖြေပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဒေါ်အေးအေးမှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ဆုရကျောင်းများ၊ဆုရဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူလေးများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ရာ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်သီဆို ဖျော်ဖြေခဲ့ကြသည်။
          အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာများနှင့် ဆုရ ကျောင်းသား/ကျောင်းသူများ၊ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment