Wednesday, January 27, 2016

ကလေးခိုးယူမှု သတင်းများ ကောလဟာလ သာဖြစ်ကြောင်း ရဲတပ်ဖွဲ့မှရှင်လင်း




ပွင့်ဖြူ     ဇန်န၀ါရီ       ၂၅
          မကွေးတိုင်းဒေသကြီးအတွင်း ကလေးခိုးယူမှုသတင်းများနှင့် ပတ်သက်၍ ကောလဟလ သတင်း ပြန့်ပွားမှုများရှိခဲ့ရာ ပွင့်ဖြူမြို့နယ်တွင် ကလေးသူခိုး ကောလဟလသတင်းများ မပြန့်ပွား စေရန်နှင့်မလိုလားအပ်သော ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် ကလေးခိုးယူမှုနှင့် ပတ်သက်၍ သတင်းအမှန် ပြည်သူများသိရှိစေရေး ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပွင့်ဖြူမြို့မရဲ့စခန်းမှူး တို့မှ မြို့မိမြို့ဖများနှင့်ပြည်သူများအား ဖိတ်ကြားကာ ဇန်န၀ါရီ ၂၄ ရက် နံနက် ၉ နာရီတွင် ပွင့်ဖြူမြို့မရဲစခန်း၌  ရှင်းလင်းဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
          တွေ့ဆုံဆွေးနွေးမှုတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆန်းမြင့်က ပွင့်ဖြူမြို့နယ်အတွင်း ကလေးခိုးယူမှု လုံးဝမရှိပါကြောင်း၊ကောလဟလသတင်းများကိုလည်း စိစစ်ချင့်ချိန်ယုံကြည်ရန် လိုအပ်ကြောင်း၊မကွေးတိုင်းဒေသကြီးအတွင်း ၃-၁-၂၀၁၆ ရက်နေ့မှ ၁၀-၁-၂၀၁၆ ရက်နေ့အထိ ကလေးခိုးမှုနှင့်ပတ်သက်သည့် ဖြစ်စဉ်(၄)ခု ဖြစ်ပွားခဲ့သော်လည်း ဖြစ်စဉ်အမှန်မဟုတ်ခဲ့ခြင်း ကြောင့် မလိုလားအပ်သည့် နစ်နာထိခိုက်မှုများ ဖြစ်ပေါ်ရပါကြောင်း၊ ကောလဟလသတင်း နှင့် ပတ်သက်၍ သတင်းအမှန်များ ချပြရှင်းလင်းခဲ့ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူး လှစိုးမှ လက်ရှိ အခြေ အနေအရ  ကလေးခိုးမှုနှင့်ပတ်သက်၍အမှုဖွင့်အရေးယူထားမှု လုံးဝမရှိပါကြောင်း မြို့ပေါ်ရပ်ကွက် များတွင်လည်း လုံခြုံရေးအစီအမံများ တိုးမြှင့်ဆောင်ရွက်ထားပါကြောင်း စသည်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
          အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်မေသန္တာအောင်၊ စည်ပင် ကော်မတီဥက္ကဌ ဒေါက်တာထွန်းထွန်း၊ဖွံ့/ထောက်ကော်မတီ ဥက္ကဌ ဦိးပါနှင့်ရပ်မိရပ်ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူ (၃၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment