Thursday, January 21, 2016

ပြောပြချင်ပါတယ် ၂၂


MENU
You are here
Home » Opinions
ပြောပြချင်ပါတယ် ......... (၂၂)

Published on Thu, 01/21/2016 - 17:33

(ဓာတ်ပုံ - မျိုးမင်းထက်)
(၁)

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံရေး သမိုင်းမှာ အရေးပါဆုံး ပြောင်းလဲမှုဖြစ်တဲ့ လွှတ်တော် အဆင့်ဆင့် အစည်းအဝေးတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၁၉၆၂ မတ်လ အာဏာသိမ်းပြီးနောက် ဖျက်သိမ်းခဲ့တဲ့ ပါလီမန်ရဲ့ နောက်ပိုင်းမှာ လူထုရွေးချယ်ခဲ့တဲ့ ကိုယ်စားပြုမှု အများဆုံးပါဝင်တဲ့ လွှတ်တော်ဖြစ်ပါတယ်။ ဒီလွှတ်တော်ကမှ NLD ဦးဆောင်တဲ့ အစိုးရကို ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး လူထုရွေးချယ်တဲ့ အစိုးရ ဖြစ်ပေါ်တော့မှာ ဖြစ်ပါတယ်။ ဒီလိုအစိုးရမျိုး ပေါ်ထွက်လာတာဟာ ၂၀၁၅ မှာ လူထုဆန္ဒကို ထင်ထင်ရှားရှား ဖော်ပြတဲ့ ရွေးကောက်ပွဲရဲ့ရလဒ်၊ လူထုရဲ့ အောင်ပွဲဖြစ်ပါတယ်။ အာဏာလွှဲပြောင်း ပေးမယ်ဆိုတာ ယုံကြည်နိုင်တဲ့ အထောက်အထားတွေ ရရှိသည့် တိုင်အောင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူထုရေး အခြေအနေဟာ မရေရာမှုတွေ ရှိနေတဲ့ နိုင်ငံရေး Political Malaise ခေတ်တစ်ခေတ်ထဲ ရောက်နေတယ်လို့ နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်အသီးသီးမှာ ယူဆစရာတွေ ရှိနေပါတယ်။

(၂)

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်း တွေထဲမှာ နံပါတ်တစ်က စစ်အာဏာရှင်ခေတ် အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ ဘက်နှစ်ဘက်မှ အင်အားစုများအကြား တိုင်းရင်းသားတွေအကြား အခုထက်ထိ ယုံကြည်မှုတွေ မတည်ဆောက် နိုင်သေးတာကြောင့် တစ်ဦးနဲ့ တစ်ဦးအကြား ထိခိုက်ရှလွယ်တဲ့ အခြေအနေမှာ ရှိနေလို့ ဖြစ်ပါတယ်။

နံပါတ်နှစ် အချက်ကတော့ NLD ရဲ့ ရွေးကောက်ပွဲ ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရမှု၊ တိုင်းရင်းသားပါတီတွေ ရှုံးနိမ့်မှုကြောင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေမှာ အင်အားချိန်ခွင်လျှာ ထိန်းမရမှာကို တပ်မတော်ဖက်ကရော၊ တိုင်းရင်းသားတွေ ဖက်ကပါ ပူပန်မှုတွေ ရှိနေပါတယ်။

နံပါတ်သုံးက ကြံ့ခိုင်ရေး လူဟောင်းကြီးများဟာ NLD နောက်မှာ ပတ်သက်ဆက်နွှယ် သြဇာကြီးမား နေမှာကို စစ်တပ်ရော၊ လူထုကပါ စိုးရိမ်နေပါတယ်။

နံပါတ်လေးကတော့ အဓိက player နှစ်ဦးဖြစ်တဲ့ NLD နဲ့ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေဟာ သိုသိပ်လွန်းပြီး လူတွေကြားမှာ မှန်းဆချက် အမျိုးမျိုး ထွက်ပေါ်မှုကလည်း ရှုပ်ထွေးစေပါတယ်။

နံပါတ်ငါးကတော့ မကြာမီက ကျင်းပပြီးစီးသွားတဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသား ပြဿနာဟာ ထင်တာထက် ကြီးမားကြောင်း လူထုက သိရှိသွားပါတယ်။ ဒီပြဿနာကို ဖြေရှင်းလို့ မရနိုင်တဲ့တစ်နေ့ ၁၉၆၂ သံသရာ တစ်ပတ် လည်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

နောက်တစ်ခါ စီးပွားရေးပိုင်းနဲ့ အုပ်ချုပ်မှုပိုင်းမှာ ဖြစ်နေတာတွေကို ခြုံငုံသုံးသပ်ပြီး လူတွေရဲ့ အမြင်မှာ မှုန်ဝါးလာတာ ဖြစ်ပါတယ်။

အထူးသဖြင့် စီးပွားရေးသမားတွေက စီးပွားရေးမှာ လတ်တလော ထပ်မံတိုးချဲ့ဖို့အတွက် စီးပွားရေးမှာလည်း အခက်အခဲတွေ အများကြီး ရှိနေတာ သိပါတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေး ဆိုင်ရာမှာလည်း တစ် အချက် လာဘ်ပေးလာဘ်ယူမှုက အခုထက်ထိ ကြီးထွားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စကို အများကြီး ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ယုံကြည်နေကြပါတယ်။

နောက်တစ်ခုက အခွန်ပြဿနာ။ အစိုးရအဖွဲ့မှာ ဘတ်ဂျက်လိုငွေတွေက အခုထက်ထိ ပြနေပါတယ်။ တိုင်းပြည်က သယံဇာတ ရောင်းချငွေနဲ့ မရပ်တည်နိုင်တော့ပါဘူး။ အဓိကရမှာက အခွန်ကပဲ ရမှာပါ။ အခွန်ကလည်း ဒီအတိုင်းဆို စနစ်တကျ ကောက်ဖို့က တော်တော် အခက်အခဲတွေ ရှိနေပါတယ်။

အုပ်ချုပ်ရေး ပိုင်းမှာလည်း ဥပဒေတွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေတို့၊ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေတွေတို့၊ အခွန်ဥပဒေတို့ဟာ ပြတ်သားခြင်း မရှိပါဘူး။ Property Tax Law ကလည်း အခုထက်ထိ ဘာမှကောင်းကောင်း မပြင်ဆင်ရသေးဘူး။ ဒါတွေမလုပ်ခင်မှာပဲ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားစု ၉၀ ရာခိုင်နှုန်း၊ ၉၅ ရာခိုင်နှုန်းက လက်တစ်ဆုပ်စာ လူတစ်စု လက်ထဲမှာ ရှိနေပါတယ်။

ဒီလို ပြည်သူ လက်ထဲမှာ မရှိတဲ့ဟာကို နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ လာရင်လည်း ဒီအရင်းအနှီးတွေဟာ ဘယ်လိုပဲ ဖြစ်သွားမလဲဆိုတော့ ဒီလက်ဝါးကြီးအုပ် အရင်းရှင် စနစ်ကိုပဲ ဦးတည်သလို ဖြစ်သွားပြီးတော့ စစ်ဗိုလ်ချုပ်တွေနဲ့ လက်တစ်ဆုပ်စာ လူတစ်စုနဲ့ တရုတ်နိုင်ငံကို အခြေပြုတဲ့ ကုန်သည်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေပဲ ကြီးပွားသွားမယ့်သဘော ရှိနေပါတယ်။

ပြီးတော့ နိုင်ငံခြား ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့အခါ ဆူလွယ်နပ်လွယ် သဘောမျိုးထက် မပိုတဲ့ သဘောတွေ ရှိနေပါတယ်။ သူတို့ အပေါ်မှာလည်း သံသယတွေ အများကြီး ရှိနေပါတယ်။

(၃)

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို သုံးသပ်မယ်ဆိုရင် အခုဖြစ်နေတာထက် အခြေအနေ ရှုပ်ထွေးပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်ဘက်အုပ်ချုပ်ရေးကနေ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့တဲ့ တောင်ကိုရီးယားတို့၊ အင်ဒိုနီးရှားတို့နဲ့ မတူတဲ့ အခြေအနေကို နှစ်ချက်တွေ့ရပါတယ်။

နံပါတ်တစ် အချက်က မြန်မာနိုင်ငံဟာ ethnics တွေနဲ့ diversity အရမ်းများတဲ့နိုင်ငံ ဖြစ်နေပါတယ်။ diversity မှာတင် လူမျိုးရေးအရ လူမျိုးပေါင်းစုံ အများကြီး နေထိုင်တဲ့ နိုင်ငံဖြစ်နေတယ်၊ ဘာသာရေး အရလည်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ အကြားမှာ ထိပ်တိုက်တွေ့ဆုံတဲ့ အခြေအနေမျိုးမှာ ရှိတယ်၊ ဘာသာရေးအရ ထိလွယ်ရှလွယ်တဲ့ နိုင်ငံတစ်နိုင်ငံ ထဲမှာလည်း ပါဝင်နေပါတယ်။

နောက်ပြဿနာ  တစ်ခုက မြန်မာနိုင်ငံဟာ Super Power နိုင်ငံရဲ့ ဘေးမှာ ရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားမှုက မြန်မာနိုင်ငံရေးကို အမြဲတမ်း မတည်မငြိမ် ဖြစ်စေပါတယ်။ သူတို့ရဲ့ စီးပွားရေး အင်အားကြီးမားမှုက မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို အကုန်ပြောင်သလင်း ခါအောင် ရှင်းပစ်လိုက် နိုင်ပါတယ်။ ဒီလိုပဲ တရုတ်နိုင်ငံရဲ့ စစ်အင်အားကြီးမှုကြောင့် မြန်မာပြည်တွင်းစစ်က သက်ဆိုးရှည်ရသလို ခရိုင်းမီးယားလို ဖြစ်မှာကိုလည်း စိုးရိမ်နေရပါတယ်။

တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားမှာ ရှိတဲ့အတွက် မြန်မာနိုင်ငံဟာ အမျိုးသား လုံခြုံရေး (National Security) ကို  ဦးစားပေးတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အမျိုးသား လုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားကို ဦးစားပေးတဲ့ နိုင်ငံမှာ စစ်တပ်အင်အား ကြီးမားမှုက ဘယ်တော့မှ ငြင်းပယ်လို့ မရတာ ဖြစ်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိနေတာကလည်း စစ်တပ်ကို အင်အားကြီးမား နေစေဦးမှာပါပဲ။

စစ်တပ်အင်အားကို လည်းကောင်း၊ စစ်တပ်ရဲ့နိုင်ငံရေး ပါဝါကိုလည်းကောင်း လျှော့ချဖို့ဆိုတာ လောလောဆယ် ဖြစ်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သက်တမ်း အတွင်းမှာလည်း မဖြစ်နိုင်ပါဘူး။

မဖြစ်နိုင်တဲ့ အရာကို လက်တွေ့ကျကျ လုပ်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒီထက်အခက်အခဲနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလည်း မတည်မငြိမ်တွေ ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်နဲ့ conflict မဖြစ်ဖို့က အဓိကလုပ်ဖို့ အရေးကြီးပါတယ်။ စစ်တပ်နဲ့ conflict မဖြစ်ဖို့ဆိုရင် စစ်တပ်ခေါင်းဆောင် တွေထဲမှာ အဓိက အရေးကြီးဆုံးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ ရွေးကောက်ခံ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြေလည်ဖို့ လိုပါတယ်။ တစ်ယောက် vision တွေကို တစ်ယောက်က နားလည်ဖို့ လိုပါတယ်။

(၄)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ vision က မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အရေးဖြစ်ပါတယ်။ ဒါကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အကူအညီ ပေးရပါလိမ့်မယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ vision ကလည်း တပ်မတော်ကို Standard Army အဖြစ် တည်ဆောက်မယ်၊ Standard Army ဖြစ်မှ အမျိုးသား လုံခြုံရေးကို တည်ဆောက်နိုင်မယ် ဖြစ်ပါတယ်။ အဲဒီတော့ သူ့ကို အချိန်တစ်ခု ပေးရပါလိမ့်မယ်။ အဲဒီလိုပေးတဲ့ အတွက် အချိန်တစ်ခုကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ယူမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ထောက်ခံပေးရပါမယ်။ ဒါက အပေးအယူ မဟုတ်ပါဘူး။ အပြန်အလှန်အားဖြင့် နိုင်ငံအကျိုးစီးပွား အတွက် တစ်ယောက် vision ကို တစ်ယောက် အပြန်အလှန် အကူအညီ ပေးတာပဲ ဖြစ်ပါတယ်။

Standard Army ဖြစ်ဖို့အတွက် တပ်မတော်ဟာ စစ်အင်အား တောင့်တင်းပြီး နိုင်ငံတကာ ခေတ်မီတဲ့ တပ်မတော် ဖြစ်ဖို့လိုပါတယ်။ နောက်တစ်ခါ တပ်မတော်ဟာ ဂုဏ်သိက္ခာ ရှိပြီးတော့ လူထုနဲ့ အဆင်ပြေတဲ့ တပ်မတော်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီလိုဖြစ်သွားဖို့အတွက် ပြုပြင်ရမှာတွေကို ဒေါ်အောင်ဆန်းစုကြည် ဘက်က ကူညီပေးရပါလိမ့်မယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်မှုတွေကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အကူအညီ ပေးရပါမယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆက်ဆံရေး မပြေပြစ်နိုင်တဲ့ USDP ဟောင်းတွေကို အစိုးရအဖွဲ့အတွင်း ထည့်သွင်းခြင်း၊ အရေးပါတဲ့ နေရာတွေမှာ ထားခြင်းတွေကို ရှောင်ရှားဖို့ လိုပါမယ်။

တစ်ခုကံကောင်းတာက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က လူထုအင်အား၊ လူထုထောက်ခံမှု အားကြီးတာ ဖြစ်ပါတယ်။ ဒီလူထုထောက်ခံမှု အားကြီးတာကို တပ်မတော်အနေနဲ့ ရှောင်လွှဲလို့ မရပါဘူး။ ထိပ်တိုက်တိုးလို့ မရပါဘူး။ ထိပ်တိုက်တိုးရင် တပ်မတော်ရဲ့ နိုင်ငံရေးသိက္ခာ တစ်သက်လုံး တံတွေးခွက်ထဲမှာ ပက်လက်မျောသွား ပါလိမ့်မယ်။

ဒီလိုပဲ လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ဗိုလ်ချုပ်ကြီးနေ၀င်းက စပြီးတော့ နှစ်ပေါင်း ၆၀ အတွင်း ကာကွယ်ရေးဦးစီးချုပ် တွေထဲမှာ PR အကောင်းဆုံး၊ လူထုနဲ့ မီဒီယာကတစ်ဆင့် ဆက်ဆံတာ အားအကောင်းဆုံး လူအဖြစ် မြင်လာရပါတယ်။ ဒီလိုမြင်ခြင်းဟာ အကောင်းဘက်ကို ရွေ့လျားတယ်လို့ ယူဆပါတယ်။ တပ်မတော်က အကောင်းဘက်ကို သွားမယ်လို့ ယူဆရတဲ့ အခြေအနေမျိုးမှာ ဒီအခြေအနေမျိုးကို နှစ်ဦးနှစ်ဖက် လက်လွှတ်မခံဖို့ အရေးကြီးပါတယ်။

တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲရေးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ပေးပြီး သူ့ကိုအကူအညီ ပေးခြင်းဟာ တပ်မတော်ကို Professional Army ဒါမှမဟုတ် တကယ့်အရပ်သား အုပ်ချုပ်ရေးကနေ တပ်မတော် ဆုတ်ခွာရေးကို လုပ်ဖို့သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ နိုင်ငံရေးသမားတွေက တပ်မတော်ကို ၀င်ရောက် စွက်ဖက်ပြီးတော့ ပြောင်းလဲရေးကို လုပ်ဆောင်မယ်ဆိုရင် ဒါဟာ ထိပ်တိုက်တိုးမှုတွေ ဖြစ်လာပါလိမ့်မယ်။

(၅)

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ယောက်ရဲ့ vision နှစ်ခု တူရမယ့်နေရာက တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေကို အရေးပေးရ ပါလိမ့်မယ်။ တိုင်းရင်းသားပါတီတွေ အများကြီး ကျဆုံးသွားတာ၊ တိုင်းရင်းသားတွေ အင်အားနည်းသွားတာဟာ တိုင်းရင်းသားတွေရဲ့ legitimacy၊ rights က NLD ကို ရောက်သွားတယ်လို့ မယူဆပါနဲ့။ NLD ဟာ အားအရမ်း ကြီးသွားပြီးတော့ တိုင်းရင်းသားတွေကို ဘေးထုတ်လိုက်မယ်လို့ NLD ပါတီက မယူဆပါဘူး။ ဒီအတိုင်းပဲ စစ်တပ်ကလည်း ဒီလိုယူဆလို့ မရပါဘူး။ တိုင်းရင်းသားမှာ rights တွေ ရှိနေတယ် ဆိုတာကို သဘောပေါက်ရပါမယ်။

တိုင်းရင်းသား အရေးကို ဖြေရှင်းတဲ့ အခါမှာလည်း ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့နဲ့ ဖြေရှင်းရပါမယ်။ ဒါပေမဲ့ တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုမှုကိုတော့ ကျွန်တော် ထောက်ခံပါတယ်။ နောက်တစ်ခု ထောက်ခံတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးက တိုင်းပြည်မှာ အဓိကအရေးကြီး နံပါတ်တစ် ဖြစ်ပါတယ်။ နံပါတ်နှစ်အချက် ဒုတိယ အရေးကြီးဆုံးက တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဦးဆောင်ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်။ ဒီနှစ်ချက်ဟာ တိုင်းပြည်က သွားရမယ့် vision ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် သမ္မတဖြစ်ဖို့ လိုသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှသာလျှင် protocol လုပ်ထုံးလုပ်နည်းအရ ဖြေရှင်းနိုင်မယ့်ဟာတွေ ရှိပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးမယ်။ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ထိပ်တိုက်ဆွေးနွေးမယ်။ သူသာလျှင် ဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

နောက်တစ်ခုက ပထ၀ီနိုင်ငံရေး Geopolitics ပါ၊ ဒေသတွင်းမှာ Super Power တွေရဲ့ ပြဿနာရှိပါတယ်။ တရုတ်နဲ့ အမေရိကန် Super Power တွေရဲ့ ထိပ်တိုက်တိုးမှုနဲ့ နိုင်ငံရေး ဖိအားတွေကို ပြန်လည်ရင်ဆိုင်ဖို့ နိုင်ငံတကာ သြဇာတိက္ကမ ရှိတဲ့ သူတွေနဲ့ ထိပ်တိုက်ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်လို့ မရပါဘူး။

စစ်တပ်အင်အားကြီးရုံနဲ့ National Security အားမကောင်းပါဘူး။ သြဇာကြီးတဲ့ နိုင်ငံ့ခေါင်းဆောင်လည်း လိုပါတယ်။ သြဇာရှိတဲ့ နိုင်ငံသမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည် ရှိနေခြင်းဟာ မြန်မာနိုင်ငံအတွက် သာမက ဒေသပြဿနာတွေပါ ဖြေရှင်းနိုင်ပါမယ်။ သူမရဲ့ သြဇာတိက္ကမ ကြီးမားမှုဟာ မြန်မာ့လုံခြုံရေးသာမက ဒေသတွင်း လုံခြုံရေး အတွက်ပါ အာမခံချက် ရှိပါလိမ့်မယ်။

(၆)

ဒီတော့ မြန်မာနိုင်ငံရဲ့ မတည်မငြိမ် uncertain ဖြစ်နေတဲ့ အခြေအနေမျိုးမှာ မတည်ငြိမ်တဲ့ အခြေအနေကို ဖြေရှင်းနိုင်တာ ဒီနှစ်ယောက်ပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို Standard Army ဒါမှမဟုတ် Professional Army ဖြစ်ရေးအတွက် အပြန်အလှန် အကူအညီ ပေးခြင်းသာလျှင် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးထွက်ပေါက် ဖြစ်ပါမယ်၊ ဒီထွက်ပေါက် ဖြစ်ဖို့အတွက် ဒီနှစ်ဦးဟာ ထိပ်တိုက် အမြန်ဆုံး ဆွေးနွေးဖို့ လိုပါတယ်။ သူတို့ နှစ်ယောက် အချင်းချင်း ပြေလည်ဖို့က  နိုင်ငံ့ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အရေးကြီးပါတယ်။

တိုင်းပြည်အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကူအညီပေးနိုင်တဲ့ နည်းတွေကို ရှာဖွေဖို့၊ တိုင်းပြည်ရဲ့ အနာဂတ်ကို လက်ရှိပြဿနာတွေထက် ကျော်လွန်ပြီးတော့ စဉ်းစားဖို့၊ ၅၉(စ) ထက် ပိုပြီးတော့ ကျော်လွန်စဉ်းစားဖို့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထက် ကျော်လွန်ပြီး စဉ်းစားဖို့၊ စစ်တပ်နဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သူနဲ့ နှစ်ဘက်တည်း စဉ်းစားမနေဘဲ ကွဲပြားတဲ့ အယူအဆတွေကြားမှာ အားလုံးရှင်သန်နိုင်တဲ့ ဗဟုဝါဒသာလျှင် အနာဂတ်အတွက် လက်တွေ့ကျကျ စဉ်းစားဖို့ လိုပါတယ်။

Writer:
သန်းထွဋ်အောင်
Opinions

0 comments:

Post a Comment