Saturday, December 12, 2015

စေတုတ္တရာမြို့နယ်တွင် မိုးစပါးစံကွက်များရိတ်သိမ်း


စေတုတ္တရာ     ဒီဇင်ဘာ      ၁၀
မိုးရွာရေကြီးနစ်မြုပ်မှုဖြစ်စဉ်ကြောင့် ပျက်စီးခဲ့သော မိုးစပါးပျိုးခင်း စိုက်ခင်းများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၏ ကူညီပံ့ပိုးမှု၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး၏ လမ်းညွှန်မှု၊မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှု၊ စေတုတ္တရာမြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့်ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုတို့ဖြင့် သက်တမ်းတို၍ အထွက်နှုန်းကောင်းမွန် သော မျိုးစပါးများအခမဲ့ ဖြန့်ဝေပေးခြင်း၊ မိုးစပါးအချိန်မီ တိုက်ရိုက်ကြဲပက် ပြန်လည်စိုက်ပျိုး ခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အမှတ်(၁)ရပ်ကွက် ကွင်းအမှတ် (၉၃/ခ)ကွင်းတွင် စိုက်ပျိုးထားသော စပါးခင်းများကို ယနေ့နံနက် ၉ နာရီက စံကွက်များ ရိတ်သိမ်းခဲ့ရာ ဗီယက်နမ်စပါးတစ်ဧကအစိုထွက်(၁၂၃)တင်း၊ရတနာတိုးစပါး တစ်ဧကအစိုထွက် (၁၁၉)တင်း၊ရက်(၉၀)စပါး တစ်ဧကအစိုထွက် (၁၀၅)တင်း အသီးသီးထွက်ရှိခဲ့သည်။
စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ရေကြီးဖြစ်စဉ်ကြုံတွေ့ခဲ့သော်လည်း တောင်သူများ၏ စားဝတ်နေရေးနှင့် ဒေသဆန်ဖူလုံရေးတို့အတွက် အထောက်အကူဖြစ်အောင် အဖက်ဖက်မှဝိုင်းဝန်းကူညီ ပံ့ပိုးပေးနိုင်ခြင်းတို့ကြောင့် အောင်မြင်မှုအသီးအပွင့်များကို ရရှိခံစား ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်ကြရန် တက်ရောက်လာ တောင်သူများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာန ဦးစီးမှူး ဦးလှထွေးအောင်နှင့် ၀န်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး ဦးမျိုးသန့်နှင့် ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment