Thursday, December 31, 2015

တို့မောင်နှမ(အဖွဲ့)မှ ကူညီပံ့ပိုးမှုဖြင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ


ပွင်းဖြူ       ဒီဇင်ဘာ       ၂၉
၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်-ပွင့်ဖြူမြို့နယ် တို့မောင်နှမ(အဖွဲ့)မှ ကူညီပံ့ပိုး မှုဖြင့် စုံညီပွဲတော်အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်(၉)နာရီက ပွင့်ဖြူမြို့ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေမှ အလေးပြုခံစင်မြင့်တွင် နေရာယူပြီး အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် အုပ်စုများအလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ကျောင်း သူ အားကစား မောင်မယ်များမှ ချီးတက်အလေးပြု၍ အားကစားကွင်းအတွင်း သတ်မှတ်နေရာများတွင် စနစ်တကျ နေရာယူကြပါသည်။ထို့နောက် အားကစားပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှတ် အိုလံပစ်အလံကို လူရည်ချွန် ကျောင်းသူ(၂)ဦး မှ တင်ပေးပြီး၊ မင်းဘူးခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခိုင်မာလာမှ အဖွင့်အမှာစကားပြောကြာခဲ့သည်။၎င်းနောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး အ.ထ.ကပွင့်ဖြူကျောင်း မှ ဘင်ခရာတပ်ဖွဲ့နှင့် အတူ ကျောင်းသူလေးများမှ ပန်းပွားအကဖြင့်ဖျော်ဖြေကပြခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ စုံညီပွဲတော်အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၆၄)ကျောင်းမှ အုပ်စု(၂၀)ဖြင့် ကျောင်းသား/ကျောင်းသူ (၅၄၅)ဦးမှ အခြေခံ ပညာ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် အားကစားများကို ဒီဇင်ဘာလ(၂၇)ရက်နေ့မှ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
တို့မောင်နှမ (အဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက  မကွေးတိုင်းဒေသကြီးအတွင်း ရေကြီးနှစ်မြုပ်၍ ရေဘေးသင့်ခဲ့ သော ပွင့်ဖြူမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူလေးများ စိတ်ဓါတ် နိုးကြား တက်ကြွလာပြီး ကာယ/ညာဏ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ အားကစားပြိုင်ပွဲများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ဘက်စုံထူးချွန်းသော ကျောင်းသား/ကျောင်းသူ လူရည်ချွန်မောင်မယ်များ ပေါ်ပေါက်လာစေရန် အတွက် အဘက်ဘက်မှ ပံ့ပိုးကူညီ၍ ပညာရေးဌာနနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း  မြေလတ်ဂျာနယ်သို့ ပြောကြားခဲ့သည်။
တင်ထွန်းဦး(ပွင့်ဖြူ)

0 comments:

Post a Comment