Tuesday, December 29, 2015

အောက်ပုံ-စေတုတ္တရာ ကျောက်ချောလမ်း သစ်ဖွင့်ပွဲကျင်းပ


စေတုတ္တရာ       ဒီဇင်ဘာ    ၂၉
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပ.ဆ.င(စိတ်ပါဝင်ကြေး) ရန်ပုံငွေဖြင့် ဆောင်ရွက်သော အောက်ပုံ-စေတုတ္တရာ  ကျောက်ချောလမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၉)နာရီက အဆိုပါလမ်းသစ် မုခ်ဦးရှေ့ တွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်လှိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးသက်ခိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကားပြောကြားပါသည်။ထို့နောက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ရှိမှ အောက်ပုံ-စေတုတ္တရာ ကျောက်ချောလမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်းပြောကြားကာ  အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ကျောက်ချောလမ်း သစ်တစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
အောက်ပုံ-စေတုတ္တရာဆက်သွယ်သည့်လမ်းသည် ယခင်က မြေသားလမ်းဖြစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပ.ဆ.င (စိတ်ပါဝင်ကြေး) ကျပ်သန်း(၁၀၀)မှ ခွင့်ပြုရန်ပုံ ငွေ ကျပ်(၃၈ ဒဿမ ၅၀)သန်းဖြင့် လမ်းအရှည် တစ်မိုင် (၃)ဖာလုံ အား (၁၈)ပေအကျယ်၊ (၈)လက္မ ထုဖြင့် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စေတုတ္တရာ မြို့နယ်အတွင်း  ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း(၁၀၀)ဖြင့် ဆောင်ရွက်သည့် လုပ်ငန်း(၃၈)ခု၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေကျပ်သန်း(၂၀)ဖြင့် ဆောင်ရွက်သည့် လုပ်ငန်း(၃)ခု၊ ပ.ဆ.င (စိတ်ပါဝင်ကြေး)ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း(၁၀၀)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း (၁၁)ခု၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၀)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း (၂)ခု၊ စုစုပေါင်း လုပ်ငန်း(၅၄)ခုအား ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၃၀)ဖြင့် ဆောင်ရွက်ပေးခဲ့သည်။
အောက်ပုံ-စေတုတ္တရာ တစ်ကြောင်းထိုးမြေသားလမ်းဖောက်ခြင်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ ချရေးလုပ်ငန်း ရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၉ ဒဿမ ၅)သန်းဖြင့် မြို့နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ (၁၂)ပေအကျယ်ဖြင့် ဖောက်လုပ်ပေးထားခဲ့ပြီး ယခုအခါ ကျောက်ချောလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောရွက်ပေးနိုင်ခဲ့သဖြင့် အောက်ပုံ၊အလယ်ပုံ၊ အောင်း၊ ကုန်းတလား၊ကျေးရွာများရှိ အိမ်ခြေ/အိမ်ထောင်စု(၃၆၄)အိမ်၊ လူဦးရေ(၁၅၄၁)ဦး နှင့် မုန်းလျှပ်စစ်ဓါတ်အားခွဲရုံများတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ  ရာသီမရွေး သွားလာနိုင်ပြီဖြစ်ရာ ဒေသခံပြည်သူများ၏ လူမှုရေး၊စီးပွားရေး၊ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို များစွာအထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(ပွင့်ဖြူ)

0 comments:

Post a Comment