Friday, December 25, 2015

ကားရှေ့ဘီးပေါက်ကာ တံတားအောက်သို့ထိုးကျ တိမ်းမှောက်မှုဖြစ်ပွား


ပေါက်      ဒီဇင်ဘာ     ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ဒီင်္ဇင်ဘာ ၂၁ ရက်နေ့ ညနေ (၄)နာရီ (၄၀)မိနစ် အချိန်က  အမှတ်(၁)ပေါက်တံတား(အုန်းတောတံတား)ပေါ်မှ အုန်းတောချောင်း အတွင်းသို့ ယာဉ်ပြုတ်ကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ပေါက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ  နေပြည်တော် မုဒုံမောင်မောင်ကုမ္ပဏီမှ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် မြစ်သာ ဆည်ရှိ (၁၀)ဘီးကားများ အသုံးပြုမည့် ကားတာယာများ ပို့ဆောင်ရန်အတွက် ပခုက္ကူ-ပေါက် ကားလမ်း အတိုင်း နေပြည်တော်ဘက်မှ ဂန့်ဂေါဘက်သို့ လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာနေသူ ယာဉ်မောင်း ဝေလင်းဦး (၂၁)နှစ် မောင်းနှင်သည့် ၆ဂ/xxxx WOHO SINO အဖြူရောင် (၁၀) ဘီး ယာဉ်သည် အမှတ်(၁) ပေါက်တံတား (အုန်းတောတံတား) တိုင်အမှတ် ပီ ၉နှင့် ပီ ၁၀ ကြား အရောက်တွင် ယာဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တံတားမြောက်ဘက်ခြမ်းရှိ လက်ရန်း တိုင်အား တိုက်မိပြီး အုန်းတောချောင်း အတွင်းသို့ ပြုတ်ကျ တိမ်းမှောက်ခဲ့ပြီး ဝေလင်းဦးနှင့် ယာဉ်ပေါ် လိုက်ပါလာသူ မန္တလေး တိုင်းဒေသကြီး၊ ကူမဲမြို့နယ်၊ ချမ်းငြိမ်းသာကျေးရွာ နေသူများ ဖြစ်ကြသော စိုင်းကျော်ခိုင် (၂၂)နှစ် အပါအ၀င် ကျား(၃)ဦး၊ မ(၁)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဝေလင်းဦး အား ပေါက်မြို့နယ်၊ မြို့မရဲစခန်းမှ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment