Thursday, December 31, 2015

မကွေးတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ


မကွေး     ဒီဇင်ဘာ     ၃၀
မကွေးတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ မောင်မယ်သစ်လွင် များအား ပါမောက္ခချုပ်၊ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမကြီးများ၊ စီမံခန့်ခွဲရေး အရာရှိများနှင့် မိတ်ဆက်ကြိုဆိုခဲ့သည်။
အခမ်းအနားတွင် မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဒေါက်တာခင်မောင်ဦးက  မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကိုရင်ဆိုင်နိုင်မည့်  အစဉ်လေ့လာသင်ယူနေ သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု  ဖြစ်ထွန်းလာစေမည့် မြန်မာ့ပညာရေး မျှော်မှန်းချက်နှင့် မကွေးတက္ကသိုလ် ရည်မှန်းချက်ဖြစ်တဲ့  မျိုးဆက်သစ် လူငယ်များ၏ ဘ၀မြှင့်တင်နိုင်ရေးအတွက် ခေတ်မီတိုးတက်သော အဆင့်မြင့် ၀ိဇ္ဇာ၊သိပ္ပံပညာရပ် တို့ကို မိမိတို့ တိုင်းဒေသကြီးအတွင်း၌ လေ့လာဆည်းပူး သင်ယူပြီး သုတေသနပြုလုပ်နိုင်ရန်တို့နှင့် ပတ်သက်၍  ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ဆက်လက်၍ ၀ိဇ္ဇာဘာသာရပ်များ ကိုယ်စား ပထ၀ီဌာန၊ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဒေါ်ခင်မာချိုက ၀ိဇ္ဇာပညာရပ်များဆိုင်ရာနှင့်သိပ္ပံဘာသာရပ်များကိုယ်စား သတ္တဗေဒဌာန ပါမောက္ခ (ဌာနမှူး)ဒေါက်တာမောင်မောင်တာက သိပ္ပံပညာရပ်များဆိုင်ရာတို့၏ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး မကွေးတက္ကသိုလ် စာကြည့်တိုက်မှူး ဒေါ်ခင်နှင်းယုမှ စာကြည့်တိုက် အသုံးပြုပုံနှင့်ပတ်သက်၍ အကျယ်တ၀ံ့ ရှင်းလင်းပြောကြားခဲ့သည်။
မကွေးမြို့၌ ၁၉၅၅ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် မကွေးဥပစာကောလိပ်ကို စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် မကွေးကောလိပ်ဟုအမည်ပြောင်းလဲခဲ့သည်။၁၉၈၂ ခုနှစ်တွင် မကွေးဒီဂရီကောလိပ်အဖြစ် ပြောင်းလဲသတ်မှတ်ကာ ၁၉၉၄ ဒီဇင်ဘာ(၂၀)ရက်နေ့တွင် မကွေး တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့ပြီး (၁၇)ကြိမ်မြောက် ဘွဲ့နှင့်သဘင်ကို မကွေးတက္ကသိုလ် ဘက်စုံခန်းမသစ်တွင်ကျင်းပခဲ့ကြောင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၌ မကွေးတက္ကသိုလ် ပထမနှစ် ကျောင်းသား ကျောင်းသူ နှစ်ထောင်ကျော် တက်ရောက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း  သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment