Saturday, November 7, 2015

ရေနံချောင်း နေကောင်းပါစေ (၁၂)

Lin Kyaw Han shared Maung Maung Aye's post — with Zeetm Ztmhue and သီဟ သူရ စည်သူ. မှ ကူးယူဖော်ပြသည်။
10 hrs ·
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 Maung Maung Aye added 9 new photos — with Aung Thein Soe and 45 others.
ရေနံချောင်း နေကောင်းပါစေ (၁၂)
=====================
...
ပင်းဘုရားဟာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပင်းဝအုပ်စု၊ ပင်းဘုရားကုန်း ကျေးရွာရဲ့ မြောက်ဘက် ပင်းချောင်းရဲ့တောင်ဘက်နံဘေး၊ ပင်းချောင်းနဲ့ ဧရာဝတီမြစ်ဆုံရာ ကျောက်မိချောင်းကြီးနဲ့ တစ်မိုင်အကွာလောက်အကွာမှာ တည်ရှိပါတယ်။ ကျောက်မိချောင်းကလည်း ရေနံချောင်းမြို့ရဲ့ အံဖွယ်ကိုးပါး အပါအဝင်ပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ လက်တွေ့ သိသူ၊ မြင်သူတော့ အရှားသား။
….
အခု ကျနော်တို့ ပင်းဘုရားလို့ခေါ်နေတဲ့ စေတီရဲ့ ဘွဲ့တော် အပြည့်အစုံက "ပင်းစက္ကလံပစေတီ” ပါ။ ပင်းဘုရားသမိုင်းနဲ့ ပတ်သက်လို့ တကယ့်သမိုင်းဆရာတွေက ခိုင်လုံတဲ့အထောက်အထားရှာမတွေ့လို့ အနော်ရထာမင်းကြီးတည်တာ မဖြစ်နိုင်ဘူးလို့ယူဆသူရှိသလို အလောင်းစည်သူမင်းတည်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းသူတွေလည်း ရှိပါတယ်။ ဒါကလည်း မြန်မာ့ သမိုင်းမှာ ရေကြောင်းက ဖောင်စင်္ကြာနဲ့ တိုင်းခန်းလှည့်လည် သာသနာ ပြုရာမှာ နာမည်ကြီးတဲ့ဘုရင်က အလောင်းစည်သူမင်းကြီး ဖြစ်ပြီ့း သမိုင်းအထောက်အထားအချို့ကလည်း ဓါတ်တော်၊ မွေတော် တွေကို ဖောင်နဲ့ ပင့်တယ် ဆိုလေတော့ ဘုရားဒါယိကာဟာ အလောင်းစည်သူမင်းဖြစ်နိုင်တယ် လို့ ယူဆတာ ဖြစ်ပါလိမ့်မယ်။
….
ရေနံချောင်းသမိုင်း စာအုပ်မှာတော့ အနော်ရထာမင်းကြီး တည်တာဖြစ်တယ်လို့ရေးထားသလို ကျနော်တို့ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင် ယုံကြည်ခဲ့တဲ့ ဘုရားဒါယိကာကလည်း အနော်ရထာမင်းလို့ပဲ မှတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ဘုရား ဖြစ်စဉ်မှာလည်း ကျနော်လေ့လာမိသလောက် မူနည်းနည်းကွဲနေပါတယ်။ ကျနော်တို့ငယ်ငယ်က သိထားတဲ့ ဘုရားသမိုင်းက အနော်ရထာ မင်းစောဟာ သုဝဏ္ဏဘုမ္မိ သထုံပြည်မှ ဓာတ်တော် မွေတော် ပိဋကတ်တော်များကို ဆင်ပေါ်တွင်တင်၍ ပင့်အလာ ယခုပင်းဘုးရားတည်ရှိရာ နဂုတ္တမတောင်တော်အရောက် ဆင်မယဉ်သာဟာ ရှေ့ဆက်မသွားတော့ဘဲ ဝပ်နေတော်မူပါသတဲ့။ အဲဒီလို ဆင်မယဉ်သာ ဝပ်တဲ့တောင်မှာ ဓာတ်တော်မွေတော်တချို့ကို ဌာပနာပြီး စေတီတစ်ဆူ တည်စေပါသတဲ့။ ဒါကတော့ ကျနော်တို့ဒေသခံတွေ အစဉ်အဆက်သိလာခဲ့တဲ့ ဘုရားသမိုင်းပါ။
….
ရေနံချောင်း သမိုင်းစာအုပ်မှာတော့ "ထိုမှဆက်လက်၍ ဧရာဝတီမြစ်ကို ဆန်တက်တော်မူခဲ့ရာ ဆိပ်သာကွန်းထောက်မြို့နယ် ပင်းချောင်းဝအနီးတွင် ဖောင်တော်ပေါ်မှ ဓာတ်တော် မွေတော်များသည် မြပန်းတောင်းအတွင်းမှ ရောင်ခြည်တော်များ ကွန့်မြူးလျှက် ဈာန်ကြွ၍ နဂုတ္တမတောင်ထိပ်တွင် ကိန်းဝပ်သီတင်းသုံးတော် မူသည်ကို အနော်ရထာမင်းစောနှင့်တကွ မူးမတ်သေနာပတိ ပရိသတ်များ မျက်ဝါးထင်ထင် ဖူးမြင်ရသဖြင့် ထိုအရပ်တွင် ဓာတ်တော်တစ်ချို့ကို ဌာပနာလျှက် သက္ကရာဇ် ၄၁၈ တွင် ပင်းစက္ကလံပစေတီတော် ကို ဝတ်မိုးဝတ်မြေနှင့်တကွ လှူဒါန်းတည်ထား ကိုးကွယ်တော်မူခဲ့ပါသည်" လို့အတိအလင်းဆိုပါတယ်။
….
ဒီနေရာမှာ သုဝဏ္ဏဘုမ္မိက ပိဋကတ်တော်တွေကို သယ်ရာမှာ ရေကြောင်းနဲ့ ကုန်းကြောင်း ကွဲလွဲ နေပါတယ်။ ဘယ်ဟာမှန်တယ်ဆိုတာ သမိုင်းပညာရှင်မဟုတ်လို့ ကျနော်မပြောတတ်ပေမဲ့ မျက်မြင် အထောက် အထားတွေအရ ယုတ္တိရှိတဲ့ကုန်းလမ်းက ပင့်လာတဲ့သမိုင်းကို ပိုသဘောကျမိပါတယ်။
….
နောက်ဆက်တွဲသမိုင်းကလည်း စာပေအထောက်အထား မရှိပေမယ့် ဘုရားဘွဲ့တော်နဲ့ ဆက်စပ်ရင် တော်တော်လေး ယုတ္တိရှိပါတယ်။ ကျနော်တို့ မြန်မာ့သမိုင်းမှာ သိကြားမင်းဆက်တဲ့ စင်္ကြာလှံကို ပိုင်ဆိုင်ဖူးသူဟာ အနော်ရထာမင်းပဲရှိပါတယ်။ သမိုင်းအထောက်အထားတွေအရ အနော်ရထာမင်းကြီး ရှင်အရဟံရဲ့ လမ်းညွှန်ချက်နဲ့ သုဝဏ္ဏဘုမ္မိကို ၀င်တိုက်ပြီး ပိဋကတ်သုံးပုံနဲ့ ဓါတ်တော်မွေတော်တွေကို သယ်လာတာ ဟာ ကုန်းကြောင်းခရီးကပါ။
….
နောက်အနော်ရထာမင်း လက်ထက်မှာ ဥဿာပဲခူးကို ဂျွန်းစစ်သည်တွေ ၀င်တိုက်လို့ စစ်သည်တော် လေးသိန်းနဲ့ ညီမျှတဲ့ သူရဲကောင်းလေးယောက်ကို စစ်ကူပို့ရာလမ်းကြောင်းဟာလည်း ရေကြောင်းက ပို့တာ မဟုတ်ပါဘူး။ အဲဒီအတွက် သုဝဏ္ဏဘုမ္မိ သထုံပြည်ကို သွားသွား၊ ပဲခူးကိုသွားသွား ကုန်းကြောင်းကသွားတာ ဖြစ်ဖို့များပါတယ်။ ကျနော်တို့ ပင်းဘုရားနယ်က ဘိုးဖွားအစဉ်အဆက် လက်ဆင့်ကမ်း လာတဲ့ သမိုင်းမှာလည်းကုန်းကြောင်းက ပင့်ဆောင်တာဖြစ်သလို မောင်သိန်းဆိုင်ရဲ့ “ရေနံ့သာခင်ခင်ကြီး” ၀တ္ထုထဲမှာလည်း ဤကဲ့သို့ပင် ဖော်ပြထားတာကို ဖတ်ခဲ့ဖူးပါတယ်။
….
အနော်ရထာမင်းကြီးဟာ သထုံက ပင့်ဆောင်လာတဲ့ ဓာတ်တော်မွေတော်တွေ ကွန့်မြူး ကိန်းဝပ်တဲ့ နဂုတ္တမတောင်မှာ ဘုရားတစ်ဆူ တည်ဖို့ဆုံးဖြတ်ပါတယ်။ မင်းကြီးနဲ့ပါလာတဲ့ မောင်းမမိဿံတွေကတော့ ယခု ပင်းဘုရားကုန်းကျေးရွာရဲ့ တောင်ဖျားမှာ ယာယီတဲနန်းထိုး နေကြတယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ မင်းကြီးနဲ့ မူးမတ်သေနာပတိတွေဟာ ဘုရားတည်ရန် အုတ်ဖုတ်ဖို့ နေရာလိုက်ရှာတာ ယခု ပင်းဝရွာရဲ့မြောက်ဖက် တစ်မိုင်လောက်အကွာ ချောက်မြို့နယ်၊ တောင်ဆားလည်ရွာရဲ့ အရှေ့ဖက် မှာသင့်လျှော်မယ့် မြေကိုတွေ့ပါသတဲ့။ အဲဒီနေရာမှာပဲ မင်းကြီးနဲ့ မူးကြီးမတ်ရာတွေ ဘုရားတည်ဖို့ တိုင်ပင်ဆွေးနွေးကြရင်း သဘောတူညီမှုရ အကြံအစည်တွေ ထမြောက်တဲ့အတွက် အဲဒီကုန်းကို မင်းကြံကုန်း၊ ကာလရွေ့လျောလာတော့ မင်းကျန်ကုန်း ဖြစ်လာတယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာပဲ စေတီငယ်တစ်ဆူတည်ရာ မင်းကြံကုန်းဘုရားလို့ အမည်တွင်ပါတယ်။ ယခုထက်တိုင် မင်းကျန်ကုန်း ဘုရားဟာ အထင်အရှားရှိပါတယ်။ မင်းကျန်ကုန်းကျောင်းက တရားစခန်းကလည်း နာမည်ကြီးပါတယ်။ တရားစခန်းရက်တွေဆို တရားထိုင်သူတွေ အလှူရှင်တွေနဲ့ စည်ကားလှတယ်လို့ ဆိုပါတယ်။
….
အဲဒီလိုနဲ့ မင်းကျန်ကုန်းမှာ ဖုတ်တဲ့အုတ်တွေကို ရဲမက်တွေနဲ့ နယ်သူနယ်သားတွေက လက်ဆင့်ကမ်း သယ်ကြပါတယ်။ သက်ဦးဆံပိုင်ဘုရင်ခေတ်ဆိုတော့ နယ်သူနယ်သားတွေ လုပ်အားပေးနဲ့ လွတ်မှာ မဟုတ်ပါဘူး။ နေ့တွက်လုပ်ခရ မရတော့ မှတ်တမ်းမှတ်ရာမကျန်ခဲ့လို့ မသိရပါဘူး။ လုပ်ခပေးခဲ့ရင်တော့ အလုပ်ကြပ်တွေက ကြားကဖြတ်စားတာတို့ မပေးပဲထားတာတို့ရှိမှာ မဟုတ်ပါဘူး။ အနော်ရထာမင်းကြီးက ဘုန်းတန်ခိုးနဲ့ပြည့်စုံပြီး တိုင်းသူပြည်သားကို ရင်ဝယ်သားသို့ အုပ်ချုပ်ခဲ့သူဆိုတော့ သူ့လက်အောက် ငယ်သားတွေ မတော်မတရား လုပ်ဝံ့မယ် မထင်ပါဘူး။
….
အဲဒီလို ဘုရားတည်ဖို့အုတ်တွေ လက်ဆင့်ကမ်းသယ်နေတုန်း တစ်နေ့တော့ ချောင်းညာဆီက ပင်းချောင်းရေတွေ တလဟော စီးဆင်းလာပြီး အုတ်သယ်နေသူတွေ ကစဥ့်ကလျား ဖရိုဖရဲ ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။ အဲဒီသတင်းဟာဘုရားတည်ရာမှာ ကြီးကြပ်နေတဲ့ အနော်ရထာမင်းကြီး ဆီ ရောက်လာတော့ မင်းကြီးလည်း ငါဘုရားတည်တာ ဒီချောင်းရေက အနှောက်အယှက် ပေးရသလား ဆိုကာ ဒေါသထွက်ပြီး သိကြားမင်းကြီးဆက်သထားတဲ့ စကြာလှံနဲ့ ရေပြင်ကို ရွယ်လိုက်တာ တဟုန်ထိုးစီးဆင်းလာတဲ့ရေတွေဟာ ရပ်တန့်ပြီး အထက်ကို ပြန်တက်သွားတာ ယခု ဖိုးကိုးရွာအထက် ရေဆုံးရွာအထိ ရောက်တယ်လို့ ဆိုစမှတ်ပြုပါတယ်။
….
အဲဒါကြောင့် ဘုရားရဲ့ဘွဲ့တော်ကိုလည်း ပင်းစင်္ကြာလှံပြဘုရားလို့ ဘွဲ့တော် ပေးခဲ့ပါသတဲ့။ “ပင်းစင်္ကြာလှံပြဘုရား” ကနေ ကာလရွေ့လျောလာတော့ “ပင်းစက္ကလံပဘုရား” ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒဏ္ဍာရီ ဆန်လှပေမယ့် ဘုရားဘွဲ့တော်အရ တော်တော်လေး ယုတ္တိရှိလှပါတယ်။ သမိုင်းအထောက် အထား ခြေခြေမြစ်မြစ် မတွေ့ရတာကတော့ ကျနော်တို့လူမျိုးရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။
….
ကျနော်တို့ ဘိုးဘွားတွေရဲ့ အပြောအရ ပင်းဘုရားဟာ ယခင်က ယခုတန်ဆောင်းတော်ကြီးရဲ့ အရှေ့တောင်ဖက် အထက်နားမှာ တည်ထားကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။ စေတီမှာ ထည့်သွင်းဌာပနာထားတဲ့ ဓာတ်တော်တွေဟာ မနက်ဖက်မှာ စေတီရဲ့ ထီးတော်ပိုင်းမှာ၊ နေ့ဖက်မှာ စေတီရဲ့အလယ်မှာ၊ ညဖက်မှာဆို စေတီရဲ့ ခြေတော်ရင်းမှာ ရောင်ခြည်တော်ကွန့်မြူးတာကို ကျနော်တို့ အဘိုး အဘွားတွေ ကိုယ်တိုင် ဖူးမျှော်ရတယ်လို့ ဆိုပါတယ်။
….
2005-ခုနှစ်ဝန်းကျင်လောက်ကလည်း ပင်းဘုရားအနီးအနားရွာတွေက လူတစ်ချို့ ကောင်းကင်ယံမှာ ပင်းဘုရားပုံရိပ် ပေါ်တာ ဖူးရတယ်ဆိုပြီး သတင်းကြီးဖူးပါတယ်။ တစ်ချို့ကတော့ ဘုရားကို ထိုးထားတဲ့ ဆလိုက်မီးတွေကြောင့် ရာသီဥတု သာယာကြည်လင်တဲ့အချိန်မှာ ပုံရိပ်ပေါ်တာဖြစ်လိမ့်မယ်လို့ တွေးတွေးဆဆပြောကြပါတယ်။ ဒါပေမယ့် ရာသီဥတု သာယာတဲ့ အချိန်တိုင်း ဖြစ်ပေါ်တာ မဟုတ်လေတော့ ပြောဖို့တော့ တော်တော်ခက်ပါတယ်။
…..
ဖရဲကျွန်းက ကျနော့်သူငယ်ချင်းကတော့ သူကိုယ်တိုင် တော်သလင်းလပြည့်ည သူတို့ရွာက ၀တ်အဖွဲ့နဲ့ ပင်းဘုရား ရင်ပြင်တော်ပေါ်မှာ ပဌာန်းပူဇော်အပြီး အိပ်တော့မယ့်အချိန် အဖွဲ့ထဲက ကလေးတစ်ယောက်က အလန့်တကြားနဲ့ “ဟာ… ကြည့်ကြပါဦး… ကောင်းကင်မှာ ပင်းဘုရားပုံတော်ကြီး ပေါ်နေတယ်” ဆိုလို့ အားလုံးဝိုင်းကြည့်ကြတဲ့အခါ တကယ့်ကို ရှင်းရှင်းလင်းလင်း ဖူးမျှော်ခဲ့ရပါသတဲ့။ ဖူးမျှော်နေတုန်းမှာပဲ ဘုရားအထက်ကောင်းကင်ယံ လေးဖက်စလုံးမှာ ဘုရားပုံရိပ်တော်တွေ ပေါ်လာလို့ လက်တွေ့ ဖူးခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
….
ရှေးလူကြီးတွေ ပြောစကားအရလည်း ထွက်ရပ်ပေါက်လိုင်း လိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ အထက်ပုဂ္ဂိုလ်တွေရဲ့ လမ်းညွှန်ချက်အရ ပင်းဘုရား မြောက်ဖက်မုဒ်မှာ တရားထိုင်ပြီး တဆင့်တက်ကြရတယ်လို့ဆိုပါတယ်။ ဟုတ်တာ မဟုတ်တာတော့ ကျနော်ဥာဏ်မမှီလို့ အတည်မပြုနိုင်ပါဘူး။ ဘာပဲပြောပြော ကျနော်တို့ဒေသက လူအများစုကတော့ ပင်းဘုရားမှာ ယုံယုံကြည်ကြည်နဲ့ အဓိဌာန်ပြု ဆုတောင်းသူတွေဟာ ဆုတောင်းပြည့်တယ်လို့ ဆိုပါတယ်။
…..
ရေနံချောင်းသမိုင်းမှတ်တမ်းစာအုပ် မှာတော့ ပင်းစက္ကလံပ ဘုရားနဲ့ ပတ်သက်ပြီး “ပင်းစက္ကလံပ စေတီတော်ကို တည်ရာတွင် ဓါတ်တော် မွေတော် တကွမ်းစားကို ဌာပနာလျှက် ဓါတ်တော်ကြုတ်၏ ပတ်လည်၌ ပဉ္စလောဟာ ရတနာတို့ဖြင့် သွန်းလုပ်အပ်သော ဤကမ္ဘာထက်၌ ပွင့်တော်မူပြီးသည့် ဘုရားရှင်လေးဆူ၏ ထက်ဝယ်ဖွဲ့ခွေ ရုပ်ပွါးတော်လေးဆူကို တည်ထားပါသည်၊ အစဉ်အတိုင်းတည်ဆောက်၍ မြေပေါ်သို့ လေးတောင်အမြင့်တွင် အထက်ဌာပနာတိုက်ပြု၍ ဓါတ်တော်မွေတော် ရုပ်ပွါးတော်လေးဆူတို့ကို အောက်ဌာပနာတိုက်နည်းတူ တည်ခဲ့ပြီးလျှင် အမြင့်သံတောင် ၃၀ ကျော်ရှိစေတီတော်ကို ရွှေထီးတင်လှူခဲ့ပါသည်”… လို့ရေးသားထားတာကို တွေ့ရပါတယ်။
….
အနော်ရထာမင်းကြီးတည်ခဲ့တဲ့ မူရင်း ပင်းစက္ကလံပ စေတီတော်ဟာ နှစ်ပေါင်း ကိုးရာလောက်အကြာမှာ စေတီတော်အထက် ပိန္နဲတိုင်ချောင်၊ မိုးရေတွေဝင်ပြီး အတွင်းလှိုင် တစ်ခုလုံးနှင့် ညီနောင်လေးဆူ သီတင်းသုံးရာ ပလ္လင်မဏ္ဍိုင်မှာ ဆားပေါက်ပြီး အုတ်ချပ်တွေ ပျက်စီးလာခဲ့ပါသတဲ့။ ဒုတိယကမ္ဘာစစ်ကြောင့်လည်း နံရံတွေဟာ အက်ကွဲလာခဲ့ပြန်ပါတယ်။ အဲဒီလိုနဲ့ စေတီတော်ကြီး ပျက်စီး ပြိုကျဖွယ်ရှိလာတဲ့အတွက် ၁၃၂၂-ခု ကဆုန်လပြည့်ကျော် (၁၃)ရက်၊ (၂၂.၀၅.၁၉၆၀) နေ့မှစ၍ "ပင်းစက္ကလံပစေတီတော် ပြန်လည် ပြုပြင်ပြင်ဆင်ရေးအဖွဲ့" ဖွဲ့စည်းကာ စေတနာရှင်၊ ကုသိုလ်ရှင်တွေကို စည်းရုံးလှုံ့ဆော်ပြီး ပြန်လည်ပြုပြင်မှု စတင်လုပ်ဆောင် ခဲ့ကြပါသတဲ့။

၁၃၂၃-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်၊ (၂၃.၁၁.၁၉၆၁) နေ့မှာ ယခု ကျနော်တို့ ဖူးမျှော်နေရတဲ့ စေတီတော်အသစ်ကို စတင်အုတ်မြစ်ချခဲ့ပါသတဲ့။ ၁၃၂၅-ခု တပေါင်းလပြည့်ကျော် (၇) ရက်နေ့တွင် ဗုဒ္ဓဇယန္တိ ထီးတော်တင်ပွဲတော်နှင့် လပြည့်ကျော် (၈) ရက်နေ့တွင် အနေကဇာတင်နှင့် ရေစက်သွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့ကြပါသတဲ့။ ဒါကတော့ ကျနော်လေ့လာဖူးတဲ့ စေတီတော်သမိုင်းကြောင်းလေးပါ။
….
ပင်းဘုရားနဲ့ ပက်သက်တဲ့ ယုံတမ်းစကား ပုံပြင် တစ်ပုဒ်ကတော့ ပင်းဘုရားတည်တဲ့ အချိန်မှာ ပင်းဘုရားရဲ့ အနောက်ဖက်တည့်တည့်၊ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ကမ်း ဖောင်းလင်းရွာမှာ ဖောင်းလင်းဘုရားလည်း တည်နေပါသတဲ့။ ဖောင်းလင်းဘုရား တည်တာက လူမျိုးခြားတွေပါတဲ့။ ပင်းဘုရားကုန်းတော်ပေါ်က ကြည့်လျှင် ထုံးဖြူဖြူနဲ့ ဖောင်းလင်းဘုရားကို ခပ်ရေးရေး မြင်နိုင်ပါတယ်။ ဒီလိုနဲ့ ဘုရားနှစ်ဆူ ဘယ်သူအရင်ပြီးမလဲ အပြိုင်တည်ကြတာပေါ့။ မြစ်အနောက်ဖက်က ဖောင်းလင်းဘုရားက ပြီးခါနီးမှာ ပင်းဘုရားက အုတ်မြစ်လောက်ပဲ ပြီးပါသေးသတဲ့။ ဒီလိုနဲ့ မဖြစ်ချေဘူးဆိုပြီး အုတ်မြစ်အပေါ်မှာ ၀ါးရိုင်လိပ်တွေပတ် ထုံးသုတ်လိုက်ပြီး ထီးတင်လိုက်တာ မြစ်အရှေ့ဘက်က ဘုရားတည်သူတွေက အရင်ပြီးသွားပါသတဲ့။ ဒီပုံပြင်နဲ့တူတာ ဦးပေါ်ဦးအကြောင်းမှာလည်း ဖတ်ထူးပါတယ်။ ဒါပေမဲ့ ကျနော်တို့ငယ်ငယ်ကတော့ မြန်မာတွေ ဖြတ်ထိုးဥာဏ်ကောင်းကြောင်း ဂုဏ်ယူစွာ ပြောခဲ့ကြတဲ့ ပင်းဘုရားနဲ့ ပက်သက်တဲ့ ပုံပြင်လေးပါ။
….
နောက်ထပ်ထူးခြားတာ တစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်။ အဲဒါကတော့ ပင်းဘုရား အနောက်ဘက်က အာရုံခံ တန်ဆောင်းကြီးပါ။ ကျနော်တို့ လူမှန်းသိတတ်စ ကတည်းက တန်ဆောင်းတော်ကြီးတည်ဆောက်ရန်ဆိုပြီး ပင်းဝအုပ်စုမှာရှိတဲ့ ရွာတွေက တစ်အိမ်ထောင်ချင်းအလိုက် မထည့်မနေရ ထည့်ရပါတယ်။ နှစ်စဉ် ဘုရားပွဲတော်ချိန်မှာလည်း တန်ဆောင်းတော်ကြီး တည်ဆောက်ရန်အတွက် ဆိုပြီး သီးခြားအလှူခံတာလည်း မှတ်မိနေပါသေးတယ်။ ဘုရားပေါ်မှာ အလှူခံပုံးတွေကရတဲ့ ငွေတွေလည်း ရှိပါသေးတယ်။ အဲဒီအချိန်မှာ တန်ဆောင်းကြီးက အချင်း လေးပေလောက်ရှိတဲ့ ကွန်ကရစ်တိုင်လုံးကြီးတွေ ထောင်ထားပြီးသားပါ။ ဒါပေမဲ့ 1985-ခုနှစ် ၀န်းကျင် အထိတော့ တိုင်လုံးသက်သက်ပဲရှိနေတာပါ။ ဘုရားကြီးအတွက် နေရာစုံက ကောက်ခံရရှိတဲ့ အလှူငွေတွေကတော့ လူကြီးပြောင်းသွားတာနဲ့အတူ စာရင်းပါ ပျောက်သွားပုံရပါတယ်။ တန်ဆောင်းတော်ကြီးကတော့ တိုင်လုံးထီးထီးကြီးတွေကလွဲလို့ ကြယ်မြင်၊ လမြင်၊ နေမြင် အမိုးအကာတွေနဲ့ ပဏာရနေလေရဲ့။
….
တစ်နေ့တော့ အလှူရှင်ပေါ်လာပါတယ်။ ကျနော်တို့ ရေနံချောင်းမြို့က ဘုရား၊ ကျောင်း၊ ဇရပ်၊ သိမ်၊ ရဟန်းဒါယိကာမကြီး ရတနာကုန်သည် ဒေါ်ခင်စိန် မိသားစုပါ။ တစ်ကယ့်ကို ကျေးဇူးတင်စရာ အလှူတော်ကြီးပါ။ ဒါလောက်ခမ်းနား ကြီးကျယ်လှတဲ့ တန်ဆောင်းကြီး ကို တစ်ဦးတည်း ဆောက်လုပ် လှူဒါန်းဘို့ဆိုတာ တော်ရုံ စေတနာ၊ သဒ္ဒါတရားနဲ့ မဖြစ်နိုင်ပါဘူး။ တစ်နယ်လုံး စုပေါင်းလုပ်တာတောင် ဆယ်နှစ်လောက်နီးပါး အကောင်အထည် ပေါ်မလာတာပါ။ ဒီလိုနဲ့ တန်ဆောင်းတော်ကြီး ပြီးတော့ ကဗျည်းထိုးရေစက်ချပါတယ်။ တန်ဆောင်းတော်ကြီး ခေါင်းရင်းဘက် နံရံမှာ ထိုးထားတဲ့ ကဗျည်းကို ကျနော် အလွန်သဘောကျသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ အဲဒီ ကဗျည်းက ခေတ်တစ်ခေတ်ရဲ့ အုပ်ချုပ်ရေးအခြေအနေကို တစ်စွန်းတစ်စ ဖော်ပြနေသလိုပါဘဲ။
….
“အများကောင်းမှု မပြီးစီးနိုင်ခဲ့သော တန်ဆောင်းတော်ကြီးကို ပြီးစီးအောင်ဆက်လက်၍ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်၊ ရတနာကုန်သည်၊ ရတနာမော် သင်္ကန်းပရိက္ခရာတိုက်၊ ဘုရားတန်ဆောင်း၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း စသည့် အထပ်ထပ်သော ကုသိုလ်တို့ကို မပြတ်လှူဒါန်းခဲ့သော၊ အမကြီး-ဒေါ်မြစိန်၊ မောင်-ဦးသန်းဦး၊ ညီမ- ဒေါ်ခင်ခင်စိန်၊ သား- မောင်ဝင်းသူ၊ သမီးအကြီး- မစိန်ဝါ၀ါဦး၊ သမီးအလတ်- မစိန်အေးမော်ဦး၊ သမီးအငယ်- မစိန်ဝါ၀ါဦးတို့က လှူဒါန်းပါသည်။ ၁၃၅၀-ခု နိဗ္ဗာန်ဆု နတ်လူသာဓုခေါ်စေသော်” တဲ့… ၀၉.၀၉.၁၉၈၈ မှာကမ္ဗည်းထိုး လှူဒါန်းထားတာပါ။
….
ကျနော်တို့နိုင်ငံမှာ အကျင့်ပျက် ချစားမှုဆိုတာ၊ မြို့ကော၊ တောပါ ဟိုးယခင်ကတည်းက ရှိခဲ့ပုံပေါ်ပါတယ်။ ငွေကြေးရဲ့ သဘောသဘာဝ၊ ငွေကြေးရဲ့ စရိုက်လက္ခဏာတွေကို မသိလို့ ငွေကိုင်ရင်း ငွေလူးကုန်ကြတာလား။ ကံ၊ ကံ၏အကျိုးကို မသိတဲ့အတွက် ပစ္စုပ္ပန်၊ သံသရာ အကျိုးဆက်ကို မတွေးပဲ မိုက်မဲခဲ့ကြတာလား၊ သိသိကြီးနဲ့ လောဘဇောဝင်ခဲ့ကြတာလား။ အဲဒီကာလမှာ ဘယ်သူမှ အရေးယူခံခဲ့ရတာ မကြားမိပေမဲ့ မသေခင်နဲ့ သေသည်၏အခြားတစ်ဖက်မှာ အဲဒီဘုရားလူကြီးတွေ ဘာဖြစ်သွားလည်း ကျနော်သိချင်လိုက်တာ။
….
(ဆက်လက်ဖော်ပြပါမည်...)
...
မောင်မောင်အေး (ရေနံချောင်း)
...
(ပင်းဘုရားသမိုင်းနှင့် ပတ်သက်၍ ကျနော်လေ့လာမိသလောက် တင်ပြထားခြင်းဖြစ်ပါသည်။ သဘောထားကွဲလွဲမှု... အမြင်မတူမှုများ ရှိနိုင်ပါသည်။ သမိုင်းပညာရှင်မဟုတ်သောကြောင့် အကြောင်းအရာ ကွဲလွဲမှုရှိပါက နားလည် ဖတ်ရှုပေးကြပါရန်....)

0 comments:

Post a Comment