Friday, November 27, 2015

(၁၈)ကြိမ်မြောက် ၀န်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန်းပွဲကျင်းပ




ပွင့်ဖြူ             နိုဝင်ဘာ        ၂၆
          မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၁၈)ကြိမ်မြောက် ၀န်ထမ်း ပေါင်းစုံ စုပေါင်း မဟာဘုံကထိန်လှည့်လည် အပူဇော်ခံပွဲကို နိုဝင်ဘာလ(၂၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
          ဘုံကထိန်လှည့်လည် အပူဇော်ခံပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမ အစည်းအဝေး ခန်းမမှ စတင်၍ ပဒေသာပင်များအား မော်တော်ယာဉ်များဖြင့် သယ်ဆောင်ကာ ပွင့်ဖြူမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အပူဇော်ခံခဲ့ရာ မြို့ပေါ်နေ ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများ သောင်းသောင်းဖြဖြစည်းကားသိုက်မြိုက်စွာ  ကြိုဆိုပူဇော်ခဲ့ကြပြီး သက်တော်ရှည်ရပ်ကွက် အောင်မြေသုခကျောင်းတိုက်တွင် ပဒေသာပင်များပင့်ဆောင် ညအိပ်ရပ်နားခဲ့ပါသည်။
          (၁၈)ကြိမ်မြောက် ၀န်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန်ပွဲ ရေစက်ချလှူဒါန်းပွဲကို နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ပွင့်ဖြူမြို့၊သက်တော်ရှည်ရပ်ကွက် အောင်မြေသုခ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ရေစက်ချလှူဒါန်းပူဇော်ပွဲတွင် အောင်မြေသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဥတ္တမ ထံမှ ရှစ်ပါးသီလခံယူဆောက်တည်တော်မှုပြီး ပင့်သံဃာတော် အပါး(၃၀)တို့အား ပဒေသာပင်များ မဲဖောက်၍ လှူဒါန်းကာ အနုမောဒနာတရားနားယူတော်မှုပြီး လှူဒါန်းမူအစုစုတို့အတွက် ရေစက်သွန်းချ ကာ အခမ်းအနားကိုရုပ်သိမ်း၍ ပင့်သံဃာဆရာတော်တို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
          ပွင့်ဖြူမြို့နယ်၏ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဦးဆွေ ဦးဆောင်ကျင်းပသော (၁၈)ကြိမ်မြောက် ၀န်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များ၊မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် အလှူရှင်တို့မှ ပဒေသာပင်ပေါင်း (၃၅)ခု၊လှူဖွယ်ပစ္စည်းများနှင့် န၀ကမ္မ၀တ္ထုငွေစုစုပေါင်း တန်းဘိုး ငွေကျပ်(၆၀)သိန်း(၈)သောင်း (၃)ထောင်(၈)ရာတိတိဖြစ်ကြောင်း သိရှိရသည်။
          တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment