Wednesday, November 18, 2015

တောင်မန်းကျေးရွာတွင် ၀ါးအခြေခံလက်မှုထည်လုပ်ငန်း သင်တန်းဖွင့်လှစ်




မင်းဘူး     နိုဝင်ဘာ     ၁၇
          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်  ၀ါးအခြေခံလက်မှုထည်လုပ်ငန်း သင်တန်းဖွင့် ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မင်းဘူးမြို့နယ် တောင်မန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီးဦးအောင်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီိးကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ဆွေမှ ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ဆင်းရဲမှုလျှော့ချနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို တိုင်းဒေသကြီးအတွင်း အစဉ်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့လို့ သင်တန်း တက်ရောက်ခဲ့ကြသူများအနေဖြင့် လက်တွေ့နယ်ပယ်တွင် မိသားစုဝင်ငွေတိုးရေးအတွက် တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ပါကြောင်း၊ကျေးလက်နေပြည်သူများရဲ့  လူမှုစီးပွားဘ၀မြင့်မားရေးအတွက် မိမိတို့ဌာနမှ အလေးထားဖော်ဆောင်လျက်ရှိကာ လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်လို့ သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
          အဆိုပါသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး  ၀န်ကြီးဦးအောင်နိုင်၊တိုင်းဒေသကြီိးကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆွေ၊တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ကျေးလက်ဦးစီးမှူးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်းနည်းပြနှစ်ဦးနှင့် သင်တန်းသား(၃၀)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ(၁၇-၁၁-၂၀၁၅)မှ(၃၀-၁၁-၂၀၁၅)ရက်နေ့ထိ (၂)ပတ်ကြာဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment