Thursday, November 5, 2015

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၅ ရက်က ပြောကြားသည်။

အဂတိတရား ကင်းစင်သည့် အစိုးရတစ်ရပ် ထူထောင်သွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေး ဒီမိုကရေစီနည်းကို ဆက်လက်စွဲကိုင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အဂတိတရား ကင်းစင်သည့် အစိုးရတစ်ရပ် ထူထောင်သွားပြီး တွေ့ဆုံဆွေးနွေး ဒီမိုကရေစီနည်းကို ဆက်လက် စွဲကိုင်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၅ ရက်က ပြောကြားသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) တွင် ယနေ့ (နိုဝင်ဘာ ၅ ရက်) နံနက် ၉ နာရီက ကျင်းပခဲ့သည့် စာနယ်ဇင်း သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ခရိုနီဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဘယ်သူကမှ သေချာဖွင့်ဆိုထားခြင်း မရှိသေးဘူး၊ အန်တီတို့က အဂတိတရား ကင်းစင်သည့် အစိုးရတစ်ရပ် ထူထောင်သွားဖို့ ရှိတယ်၊ အစိုးရက အဂတိတရား မကင်းရင် စီးပွားရေးသမားတွေကလည်း အဂတိတရားကင်းမှာ မဟုတ်ပါဘူး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်မယ့် အစိုးရကို ထူထောင်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကိစ္စနှင့် ပတ်သတ်၍ အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် အနေနှင့် ၂၀၁၅ ရွေးကောက်ပွဲ ပြီးပါက မည်သို့ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်း ဂျာနယ်လစ် တစ်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် “လေးပွင့်ဆိုင်ကို ၂၀၁၃ ကတည်းက တောင်းခဲ့တာပါ။ ဒီလို တောင်းဆိုရတာကလည်း ရွေးကောက်ပွဲ အေးဆေးတည်ငြိမ်ဖို့၊ မသမာမှုတွေ မရှိဖို့ ပြည်သူတွေ၏ လိုအင်ကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးတယ်ဆို ဒီမိုကရေစီနည်း ဖြစ်လို့ အန်တီတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဆက်လက်စွဲကိုင်သွားမှာ ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့ပြင် တပ်မတော်နှင့် ပတ်သက်ပြီး အမျိုးသား ဒီိမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တပ်မတော်၏ လိုအပ်ချက်ကို သိဖို့ အရေးကြီးကြောင်း၊ စီမံကိန်းများနှင့် ပတ်သတ်၍ NLD အစိုးရဖြစ်လျင် ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ချပြမည် ဖြစ်ကြောင်း စသည့် အကြောင်းအရာများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

0 comments:

Post a Comment