Saturday, November 7, 2015

ညွှန်ကြားချက်ဟုဆိုကာ ကြိုတင်ဆန္ဒမဲပေးသော အချုပ်သားများ၏ လျှို့ဝှက်ဆန္ဒမဲအခန်းသို့ အကျဉ်းဦးစီးမှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူ

ညွှန်ကြားချက်ဟုဆိုကာ ကြိုတင်ဆန္ဒမဲပေးသော အချုပ်သားများ၏ လျှို့ဝှက်ဆန္ဒမဲအခန်းသို့ အကျဉ်းဦးစီးမှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ ၉ မိုင်အကျဉ်းထောင်တွင်နိုဝင်ဘာလ ၆ ရက် မွန်းလွဲ ၁၂ ရီခွဲအချိန်ခန့်က အချုပ်ကျ မဲဆန္ဒရှင်များထံမှ ကြိုတင်မဲကောက်ခံရာတွင် လျှို့ဝှက်မဲပေးခန်းအတွင်းသို့ အကျဉ်းဦးစီးမှ တာဝန်ရှိသူတစ်ဦး ဝင်ရောက်လိုက်ပါကာ
မှတ်တမ်းတင် ဓါတ်ပုံရိုက်ခြင်း လုပ်ငန်းအား ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းကို ကော့သောင်းမြို့နယ် NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)ရွေးကောက်ပွဲကိုယ်စားလှယ်နှင့် မဲရုံကိုယ်စားလှယ်တို့ထံမှ သိရရှိသည်။
၉ မိုင်အကျဉ်းထောင်တွင် အချုပ်ကျအဖြစ် ရောက်ရှိနေသော ပိတောက်ရွှေဝါ ရပ်ကွက်မှ မဲဆန္ဒရှင် ၄ ဦးအတွက် ကြိုတင်မဲကောက်ခံရာတွင် မဲဆန္ဒရှင်များမဲပေးသော လျှို့ဝှက်မဲပေးခန်းအတွင်းသို့ အကျဉ်းဦးစီးမှ ဒုထောင်မှူးတစ်ဦးက ကင်မရာပါသောဖုန်းဖြင့်
၎ ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွေးကောက်ပွဲဥပဒေတွင် လျှို့ဝှက်မဲပေးခန်းသို့ မည်သူမျှမဝင်ရန်ဥပဒေပြဌာန်းထားကြောင်းကို NLD မှရွေးကောက်ပွဲကိုယ်စားလှယ်က ပြောကြားသော်လည်း
မှတ်တမ်းတင်ထားရှိရန်အတွက်ညွှန်ကြားချက်ဖြင့်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အကျဉ်းဦးစီမှထောင်မှူးတစ်ဦးက ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။
“ပိတောက်ရွှေဝါရပ်ကွက်က အချုပ်သားလေးဦးအတွက် ကြိုတင်ဆန္ဒမဲသွားယူတာ။ လေးဦးစလုံးကို လျှို့ဝှက်မဲပေးခန်းထဲဝင်ပြီးတော့ မှတ်တမ်းထားရှိရန်အတွက်လို့ပြောပြီး ဓာတ်ပုံရိုက်တယ်လို့ပြောတယ်။ အဲ့အတွက်လဲ သူတို့မှာ ညွှန်ကြားချက်ရှိတယ်လို့ပြောတယ်။ဝင်ပြီး ဓာတ်ပုံရိုက်တာ ဒုထောင်မှူး။ ပြန်ပြီးရှင်းပြတာ ထောင်မှူးတစ်ဦး။ ရပ်ကွက်ရွေးကော်မရှင်ဥက္ကဌ/အတွင်းရေမှူး၊ USDP က တစ်ဦး၊ NLD က သုံးဦး၊ စောင့်ကြည့်လေ့လာရေးက သုံးဦး သွားတာ။ ကင်မရာ၊ ဖုန်း ယူမသွားရဘူး။ ထားခဲ့ရတာ” ဟု ကော့သောင်းမြို့နယ်NLDအဖွဲ့ချုပ်မှ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)ရွေးကောက်ပွဲကိုယ်စားလှယ် ဦးကျော်သက်နိုင်က ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်အား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ NLDအဖွဲ့ချုပ်ကတင်ပြရာတွင် ရွေးကောက်ပွဲဥပဒေအရမဲပေးခန်းသို့ မည်သူမျှဝင်ရောက် ဓါတ်ပုံရိုက်ယူခွင့် မရှိကြောင်းနှင့် ယင်းကိစ္စအား အကျဉ်းဦးစီးထံသို့ ချက်ချင်း ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
၉ မိုင် အကျဉ်းထောင်မှ အချုပ်ကျမဲဆန္ဒရှင်များ အပါအဝင် မဲဆန္ဒနယ်ပြင်ပရောက် မဲပေးခွင့်ရှိသူများ၏ မဲစာရင်းများကို ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံသို့ လျှောက်ထားရာတွင် ကြိုတင်မဲ ၂၇၁၈ စောင်ရှိပြီး နိုဝင်ဘာလ ၅ ရက်အထိ ၁-၁၊ ၁-၂၊ ၁-၃၊ ပုံစံ (၁၃)တို့ဖြင့် လက်ခံရရှိထားကြောင်း သတင်းရရှိသည်။
http://goo.gl/Fm3smv

0 comments:

Post a Comment