Thursday, October 29, 2015

မကွေးမြို့၏ မြသလွန်စေတီတော်မြတ်ကြီး (၂၅၇၉)ကြိမ်မြောက် ဗုဒ္ဒပူဇနိယ ဘုရားပွဲတော်




မကွေး      အောက်တိုဘာ     ၂၇
          မကွေးတိုင်းဒေသကြီး၊အား ယခင်နှစ်များထက် စောစွာ အောက်တိုဘာလ(၁၇)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်။ဘုရား ပွဲတော်ဖွင့်ပွဲအား မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်းဆောင်တော်တွင် တွင် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဆရာတော်ကြီးများ ဦးဆောင်၍ အသံမစဲ မဟာပဋ္ဌာန်ရွတ်ဖတ်ပူဇော်ပွဲများ ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

          မြသလွန်စေတီတော်မြတ်သည် မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ရှိ မကွေးမြို့တွင် တည်ရှိသော သမိုင်ဝင်ဘုရားတစ်ဆူဖြစ်ပါသည်။မကွေးမြသလွန် မလွန်မြသပိတ်ဟု ဆိုရိုးစကားရှိသည့်အတိုင်း မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများတွင်လည်း အပါအ၀င်ဖြစ်ပါသည်။ မြသလွန် ဘုရားကြီး၏သမိုင်းအစမှာ-
          ဂေါတမမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ၀ါတော်နှစ်ဆယ်သို့ရောက်သောအခါ သုနာမရန္တ တိုင်း(ယခုလက်ရှိ ပွင့်ဖြူမြိုနယ် ကျောင်းတော်ရာကျေးရွာ) လယ်ကိုင်းသားတို့သည် စန္ဒကူးသားများဖြင့် ဆောက်လုပ်ထားသော ကျောင်းတော်ကို အလှူခံတော်မှုရန် မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသဖြင့် ဂေါတမမြတ်စွာဘုရားမှ မဟာသက္ကရာဇ်(၁၂၃)ခု၊၀ါဆိုလဆုပ်(၈)ရက်နေ့တွင် စန္ဒကူးနံ့သာ ကျောင်းတော်ကို အလှူခံတော်မှုပြီး(၇)ရက်ပတ်လုံး ဈာန်၏ချမ်းသာခြင်းနှင့်မွေ့လျော်တော်မှု၍ ဝေနေယျသတ္တ၀ါ အပေါင်းတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မှုခဲ့ပါသည်။ ထိုမှတဖန် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီ တော်မှုခံရာ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မင်းဘူးမြို့ရှိ ရွံ့ဗွက်တောင်တို့ဖြင့်(ယခုလက်ရှိ နဂါးဗွက်တောင်) ခြံရံလျက်ရှိသော စက္ကန္တဲတောင်ထိပ်သို့ ကြွချီကာ သီတင်းသုံးနေမှုသည်။ရှေ့ဘုရားအဆူဆူပွင့်တော်မှုစဉ်က ထိုတောင်ထိပ်သို့ ရောက်ရှိသည်ရှိသော သိကြားနတ်မင်းသည် ရတနာသလွန်တော်ကို လှူဒါန်းမြဲဖြစ်သည့် အတိုင်း ဂေါတမမြတ်စွာဘုရားအားလည်း မြသားအတိပြီးသော သလွန်တော်ကို လာရောက်လှူဒါန်းလေသည်။
          ထိုအချိန်တွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ တောနက်ကြီးတစ်ခုတွင် နေထိုင်ကြသော ဘောကျော်၊ ဘောသော၊ဘောသူရနှင့် ဘောရသ၊ယက္ခသာဂီ၊ယက္ခဒါလီ ဘီလူညီအစ်ကို မောင်နှမခြောက်ယောက်တို့အ နက် ဘောသော၊ဘောကျော်၊ဘောသူရနှင့်ဘောရသညီအစ်ကိုလေးယောက်တို့သည် နှစ်မနှစ်ယောက်အား မပြောကြားဘဲ မြတ်စွာဘုရားထံ ကြစုဖန်ခါးသီးများ သွားရောက်လှူဒါန်း၍ မြတ်စွာဘုရား၏တရားတော်ကို နာကြားရသဖြင့် အကျွတ်တရား ရကြကုန်၏။မြတ်စွာဘုရားအား ကိုးကွယ်ရာ အမွေတစ်စုံတစ်ခု ပေးသနားတော်မှုပါရန် လျှောက်ထားရာတွင် ဘုရားရှင်သည် န၀ရတ်ကိုးပါးခြယ်လှယ်ထားသည့် မြသား သလွန်တော်ကို ပေးအပ်တော်မှု၍ ငါဘုရား၏သလွန်တည်နေရာ နောင်ခါဝယ် သာသနာပွင့်လင်းသော မြို့ကြီး ဖြစ်လတ္တံဟု ဗျာဒိတ်တော်စကားမိန့်ကြားတော်မှုပြီး ကြွသွားတော်မှုသည်။ထိုဘီလူးညီနောင် လေးယောက်တို့သည် မြတ်စွာဘုရားပေးသနားတော်မှုခဲ့သော မြသားသလွန်တော်ကို အားရရွှင်လန်းစွာဖြင့် မကွေးမြို့ဘက်ကမ်းရှိ မိမိတို့နေရာ တောကြီးအတွင်းသို့ ပင့်ဆောင်ပြီး ထိုတောအုပ်အတွင်း ဌာပနာ၍ ဘုရားတည်ထား ကိုးကွယ်ခဲ့သည်။(ယခု မကွေးမြို့ရှိ ဘုရားပြိုရွာ)
          သို့သော် ထိုဒေသကား ဘုရားသခင်ဗျာဒိတ်ချမှတ်တော်မှုသောနေရာမဟုတ်ရကား ဒါယိကာရင်း သိကြားမင်းသည် စေတီတော်ကို ဖြိုဖျက်ပြီး မြသားသလွန်တော်ကိုယူ၍ ဧရာမြစ်ကမ်းတွင် သီတင်းသုံးနေကြသော ဒိဗ္ဗစက္ခု၊ဒိဗ္ဗသောတ၊ဒိဗ္ဗဃာန အမည်ရသော ရသေ့ကြီးသုံးဦးထံ ပင့်ဆောင်အပ်နှံထားခဲ့သည်။ ထို့နောက် ကဿဖဘုရားလက်ထက်တော်အခါက ရွှေသားသလွန်တော်ကို ဌာပနာခဲ့သော နဂုတ္တမတောင်ထိပ်တွင် မြသလွန်တော်ကိုလည်း ဌာပနာရန်စီမံခဲ့ကြသည်။ထိုအခါ ပထမလှေ တစ်စင်းတွင်ပတ္တမြားပြဿဒ်တော်တွင် ဂေါတမမြတ်စွာဘုရား၏ မြသလွန်တော်ကို တင်ဆောင်ပြး ဒုတိယလှေ ပေါ်တွင် ရွှေသားသလွန်တော်ကို တင်ဆောင်ကာ မဟာသက္ကရာဇ်(၁၂၈)ခု၊တပေါင်းလပြည့်နေ့တွင် ဧရာဝတီ ဖြစ်ရေနှင့်အညီ စီမံကာ ဌာပနာတော်မှုခဲ့သည်။ နောက်ထပ်စေတီတည်ရန်မှာ ဘီလူး ညီနောင်တို့ စုတေ၍  လူသားစင်စစ်ဖြစ်သောအခါမှသာ ဘုရားတည်ရန်သင့်ကြောင်း ရသေ့တို့အားပန်ကြား၍ သိကြားမင်းသည် တာဝတိံသာသို့ ပြန်ကြွသွားလေသည်။
          ထိုခြောက်ယောက်သော ဘီလူးညီနောင်မောင်နှမတို့တွင် အငယ်ဆုံးဖြစ်သော ယက္ခဒါလီအမည်ရှိ သော ဘီလူးမသည် နှမကို မခေါ်မောင်တော်တို့ချည်းသာ မြတ်စွာဘုရားထံသွား၍ ဖူးမျှော်ကြသည်ဟု မကြည်သာစိတ်နာသည်ဖြစ်၍ မောင်တော်တို့ပိုင်ဆိုင်ရာနယ်အတွင်းမှာမနေဘဲ ခွဲထွက်ခဲ့ပြီး ယင်းချောင်း၏ တောင်ဘက် နယ်သီးခြားသတ်မှတ်၍ ဝေဿ၀ဏ္ဏနတ်မင်းကြီးပေးသနားအပ်သောအရပ် မျက်နှာတွင်နေလေ သည်။ထိုယက္ခဒါလီဘီလူးမသည် လှူဒါန်ပူဇော်စရာများစွာသော ပန်း၊သစ်သီးတို့ယူဆောင်လျှက် မြတ်စွာဘုရား ၏သလွန်တော်ကို တည်ထားဌာပနာရာ နဂုတ္တမတောင်တော်မြတ်သို့လာခဲ့၍ မြတ်စွာဘုရား၏ သလွန်တော် ပရိဘောဂဓာတ်တော်ကို ဆည်းကပ်ပူဇော်ပြီးလျင် ဘ၀မှ စုတေသောအခါ မောင်တော်တို့ထက်လွန်ကဲသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသောလူသားစင်စစ်ဖြစ်ရပါလို၏ဟု ဆုတောင်းပြီး မိမိနေရာသို့ပြန်သွားခဲ့သည်။ယက္ခ ဒါလီဘီးမသည် စုတေ၍ လူဖြစ်သောအခါ ဝေလာမအမည်ရှိ ပုဏ္ဏားမကြီး၏သမီးဖြစ်လျင် အရွယ်ရောက် သောအခါ တကောင်းပြည်ကြီးအရှင်ဘုရင်မင်းမြတ်၏ မြောက်နန်းတင်ထား မိဖုရားအဖြစ်တော်ကောက်ခြင်း ခံရလေသည်။ရသေ့မြတ်သုံးပါးတို့သီတင်းသုံးတော်မှုရာနှင့်မကွာဝေးသောနေရာတွင် ပစ္စည်းပေါ်များကြွယ်ဝ သော သူဋ္ဌေးငုကြွယ်ကုန်သည်တို့၏နေထိုင်ရာ မဟာဂါမအမည်ရသော ရွာကြီးတစ်ရွာရှိပြီး ထိုရွာကြီးတွင် သုဘောဂဟူသောရွာစားသူဋ္ဌေးကြီးသည် ရသေ့သုံးပါးတို့အား လေးပါးသောပစ္စည်းဥစ္စာတို့ဖြင့် အမြဲမပြတ် ထောက်ပံ့လှူဒါန်းကာ ဆည်းကပ်သည်။တစ်နေ့တွင် သူဋ္ဌေးကြီးသည် ရသေ့မြတ်သုံးပါးထံ မြတ်စွာဘုရား၏ သလွန်တော်ဌာပနာရာ နဂုတ္တမတောင်ထိပ်တွင် စေတီတည်၍ ကိုးကွယ်စေလိုပါကြောင်း ခွင့်တောင်းသော ရသေ့သုံးဦးသည် ခွင့်မပြုဘဲ သိကြားမင်းမိန့်ကြားသည့်အတိုင်း သလွန်တော်ပင့်ဆောင်ရင်းဖြစ်သော ဘီလူးညီနောင်များလူအဖြစ်ရောက်ခါမှ ထိုသူတို့နှင့်အတူတကွ စေတီတည်ရမည်အကြောင်း မြွက်ကြားခဲ့သည်။ ထို့ကြောင်းသူဋ္ဌေးကြီးသည် ဘီလူးညီနောင်တို့အား မည်သူမည်ဝါ ဟူ၍မသိဘဲ ရှာဖွေရင်း စောင့်နေရသည်။ သူဋ္ဌေးကြီးတင် ပုဏ္ဏာဝတီမည်သော သမီးတစ်ယောက်ရှိရာ လူဝင်စား ဘီလူးညီနောင်တို့အား ရွာစဉ်လျောက် ရှာဖွေသော်လည်း မတွေ့သည့်အဆုံး မြသားသလွန်တော်ဌာပနာထားရှိရာ နဂုတ္တမတောင်၏ တောင်ဘက် တစ်ခုသောကုန်းမြင့်ပေါ်သို့ရောက်ရှိပြီး ထိုတောင်ကုန်းပေါ်တွင် အမျိုးမျိုးသော ပန်းတို့ကို သီကုံး၍ ပန်းကုံးတစ်ကုံးပြုလုပ်ပြီးလျင် အလိုရှိသော စာခွေကို ရေသားထား၏။ထိုစာခွေကို ပန်းကုံးဖြင့်ရစ်ပတ်ကာ ဘီလူးဝင်စားသောလူသားများသာလျင် တွေ့မြင်နိုင်ပါစေသတည်းဟု သစ္စာအဓိဌာန်ပြု၍ထားခဲ့လေသည်။ (ယခု မြသလွန်စေတီတော်မြတ်၏တောင်ဘက်ရှိ ပန်းရစ်တောင်စေတီဟု တည်ထားရာ ယနေ့တိုင် တည်ရှိလျက်ရှိသည်။)
          ထိုမှတဖန် ပုဏ္ဏ၀တီသည် နဂုတ္တမတောင်တော်သို့တက်၍ မြသားသလွန်ဖူးမျှော်ပြီး မြောက်ဘက် (၁)မိုင်ခန့်ဝေသော ကုန်းမြင့်တစ်ခုသို့ရောက်သော ငါ၏လင်လောင်းလျာ ဘောကျော် ဆိုသူ လူဝင်စားမှာ ဘယ်အရပ်တွင်ရှိလိမ့်မည်နည်းဟု မျှော်မှန်းလေသည်။(ယခု မြသလွန်စေတီတော်မြောက်ဘက် ရွှေလင်မျှော် စေတီ တစ်ဆူရှိသည်။)
          မြသားသလွန်တော်မြတ်ကို ပင့်ဆောင်ရင်းဖြစ်သော ဘောကျော်ဘီလူးညီနောင်တို့သည်လည်း ဘီလူးဘ၀မှ စုတေပြီး တစ်ခုသောရွာတွင် လူဖြစ်လာခဲ့ရာ ကုန်သွယ်ရောင်းဝယ်ခြင်းအမှုတို့ဖြင့် အသက်မွေးခြင်း ကိုပြုလျက်ရှိသည်။ကုန်ရောင်းရန်အတွက်  ခရီးထွက်ခဲ့ရာ ရသေ့သုံးပါးထံသို့ရောက်ရှိပြီး လှူဖွယ်ပစ္စည်းများ အား ဆက်ကပ်လှူဒါန်း၍ မြတ်စွာဘုရား၏ သလွန်တော်ကို ရှိခိုးပူးဇော်ရန်အလို့ငှာ နဂုတ္တမတောင်တော်သို့ လာကြရာ တောင်ဘက်ကုန်းမြင့်ပေါ်သို့ရောက်ရှိပြီး ပုဏ္ဏ၀တီချထားခဲ့သော ပန်းကုံးဖြင့် ရစ်ပတ်ထားသော စာခွေအား တွေ့မြင်သဖြင့် ကောက်ယူဖတ်ရှုရာ အကြောင်း ချင်းရာအစုံကို သိ၍ ပန်းကုံးနှင့်တကွ စာခွေကို ဆောင်ယူခဲ့ကြသည်။ထို့နောက် မဟာဂါမရွာသူဌေးကြီးထံသွားရောက်၍ ဘီလူးလူဝင်စားများဖြစ်ကြောင်း အကြောင်းစုံပြောပြသိရှိပြီး ရသေ့(၃)ပါးထံသွားရောက်ဖူးမျှော်ကြ၍ ရသေ့တို့က သိကြားမင်း အမှာစကားကို ပြောကြားလေသည်။
          ထို့နောက် မဟာသက္ကရာဇ် (၁၅၀)ပြည်နှစ်တွင် ရသေ့သုံးပါးနှင့်တစ်ကွ သိကြားမင်း၊သူဋ္ဌေးကြီးသမီး၊ ပုဏ္ဏ၀တီနှင့် ဘီလူးလူဝင်စားညီနောင်တို့သည် ရွေသားသလွန်တော်နှင့်မြသားသလွန်တော်တို့ကို ဌာပနာကာ စေတီတည်ကြလေသည်။ ထိုပထမဆုံးအကြိမ်တည်သော စေတီတော်မှာ အမြင့်သံတောင်(၃၅)တောင်ရှိသည်။ ပုဂံခေတ် သက္ကရာဇ် ၄၂၁ ခုနှစ်တွင် နန်းတက်သော စောလူးမင်းသည် သံတောင် ၅၅ တောင်မြင့်သော မြသလွန်းစေတီတော်ကို ဒုတိယထပ်မံ၍လည်းကောင်း၊သက္ကရာဇ် ၁၂၀၉ ခုတွင် မြေငလျင်ကြီးကျယ်စွာ လှုပ်သောကြောင့် မြသလွန်စေတီတော်ကြီး ကွဲအက်ပျက်စီး၍ ပြိုလဲခဲ့ရာ ထိုနှစ် တပေါင်းလဆန်း(၁၅)ရက်နေ့တွင် မကွေးမြို့ သူကြီးမင်း မင်းထင်မင်းလှကျော်ခေါင်သည် သံတောင်(၆၆)တောင် (၂)မိုက်မြင့်သော စေတီတော်ကြီးကို အသစ်တဖန် ထပ်မံတည်ထားကိုးကွယ်ခဲ့သည်။ထိုမှတဖန် ပထမခွေတွင် အချင်း(၅)တောင်တစ်မိုက်၊အစောက်(၁၇)တောင်မြင့်သော ထီးတော်ကြီးကိုလည်း လှူဒါန်းခဲ့လေသည်။
          ယခုအခါ မြသလွန်စေတီတော်မြတ်ကြီးအား ရင်ပြင်တော်များတိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်းများ တိုးချဲ့ ခြင်းများနှင့် မြသလွန်စေတီတော်သွားရာကားလမ်းများ တိုးချဲ့ဖောက်လုပ်ခြင်းများ ဆောင်ရွက်ထားလျက်ရှိ သည်။ မကွေးမြို့၏ တန်ခိုးကြီးသမိုင်းဝင်ဖြစ်သော မြသလွန်စေတီတော်မြတ်ကြီးအား နှစ်စဉ်အမြဲ သီတင်ကျွတ်လတွင် ပုံမှန်ကျင်းပလျက်ရှိရာ အညာဒေသထွက် သီနှံနှင့် ဒေသထွက်ကုန် ဈေးဆိုင်များ၊ဇာတ်ပွဲများဖြင့် စည်းကားသိုက်မြိုက်စွာရောင်းချ လျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။ ယခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ည(၆)နာရီ(၁၃၇၇-ခုနှစ်၊ သီတင်ကျွတ် လပြည့်နေ့ည တွင် ဆီးမီးကိုးထောင်၊ပန်းကိုးထောင်၊နံ့သာကိုးထောင်ပူဇော်ပွဲကို ကျင်းပမည်ဖြစ်ရာ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ဖူးမျှော်နိုင်ကြပါရန် နှိုးဆော်လိုက်ရပါသည်။
တင်ထွန်းဦး(မင်းဘူး)
ဓါတ်ပုံ- သူရထွန်း

0 comments:

Post a Comment