Friday, October 9, 2015

FDA မှ ဈေးကွက်ထဲရှိ ရေသန့်နမူနာများကို ၀ယ်ယူစစ်ဆေးမည်




မကွေး အောက်တိုဘာ ၂
     ရေသန့်ဝယ်ယူသုံးစွဲသူများ၏ စားသုံးသူအခွင့်အရေးကို အကာအကွယ်ပေးနိုင်ရန်အတွက် စက်ရုံများတွင် ၀င်ရောက်စစ်ဆေးခြင်းသာမကတော့ပဲ  ဈေးကွက်ထဲရှိ ရေသန့်နမူနာများကိုဝယ်ယူပြီး စစ်ဆေးသွားမည် ဖြစ်ကာ စစ်ဆေးချက်မအောင်မြင်ပါက လုပ်ငန်းလိုင်စင်ပြန်သိမ်းသွားမည်ဖြစ်ကြောင်း ၊ ထိခိုက်မှုအခြေအနေအရ အစားအသောက်ဥပဒေဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း FDA ရုံးတာဝန်ခံ ဦးစီးအရာရှိ ဒေါက်တာပြည့်ထူးမှ မကွေးဒေသရေသန့်လုပ်ငန်းရှင်များအား တိုင်းကျန်းမာရေးဦးစီးဌာနမှူး ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံအသိပေးပြောကြားခဲ့ကြောင်းသိရသည်။

                      ``တစ်နိုင်ငံလုံးမှာ ရေသန့်လုပ်ငန်း၈၀၀ကျော်ရှိပြီးတော့ မကွေးတိုင်းမှာ လုပ်ငန်း၅၀ခန့်ရှိပါတယ်။

သုံးစွဲသူအခွင့်အရေးအရ ရေသန့်လို့ ပြောပြီးထုတ်လုပ်ရောင်းချရင် အမှန်တကယ်သန့်ဖို့လိုအပ်ပါတယ်။ စက်ပစ္စည်း၊အဆောက်အဦနဲ့လုပ်သား အဲဒီ၃မျိုးကြောင့် ရေမသန့်တာဖြစ်နိုင်ပါတယ်။အထူးသဖြင့် စစ်ဆေး မှု အတွေ့အကြုံအရ လုပ်သားကြောင့်ရေမသန့်တာပိုအဖြစ်များပြီး လုပ်ငန်းရှင်တွေဘက်ကလည်း စစ်ဆေး တဲ့ရက်မှာပဲ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကိုအသုံးပြုတာကိုတွေ့ရပါတယ်။အဲဒါကြောင့် ဈေးကွက်ထဲက ရေသန့်နမူနာတွေကို ၀ယ်ယူစစ်ဆေးပြီး မှတ်တမ်းတင်အရေးယူမှုတွေ လုပ်ဆောင်သွားပါမယ်´ ဟု ၄င်းမှပြောကြားခဲ့ခြင်းဖြစ်သည်။

               GMP နဲ့အညီထုတ်လုပ်ထားသောကုန်ပစ္စည်းတစ်ခုတွင် အစားအသောက်အမျိုးအစားအလိုက် အတည်ပြုလက်ခံထားသည့် အမျိုးအစားမှန်ကန်မှု၊ စစ်မှန်မှု၊ သန့်ရှင်းမှု နှင့် ဘေးဥပါဒ်ကင်းရှင်းမှု စသည့် သတ်မှတ်အရည်အသွေးများနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း၊စားသုံးသူများအနေဖြင့် ရေသန့်ထဲတွင်ပါဝင်နေ သည့် အနုဇီဝပိုးမွှားများ ၊  ဓာတုသတ္ထုဓာတ်ကြွင်းများအား အလွယ်တကူမသိရှိနိုင်ကြောင်း ၊ရေသန့်ဖြစ် ရန် လုပ်ငန်းအဆင့်များစွာရှိသည့်အနက် အဆင့်တစ်ဆင့်၌ ချို့ယွင်းမှုရှိပါက ပါဝင်သွားမည့် ပိုး (သို့) ဓာတ်ကြွင်းသတ္ထုများသည် စားသုံးသူများကို အန္တရာယ်ပေးနိုင်ကြောင်း ၄င်းမှဆက်လက်ပြောကြားသည်။

              မကွေးတိုင်းဒေသကြီးအတွင်း ရေသန့်လုပ်ငန်း ၄၆ ခု ခန့်မှတ်ပုံတင်ထားရှိပြီး မှတ်ပုံတင်မကျ သေးဘဲ ထုတ်လုပ်ဖြန့်ဖြူးနေသော လျှောက်ထားဆဲလုပ်ငန်း ၁၀ခုခန့်ရှိကြောင်း FDA မှတ်တမ်းများအရ သိရသည်။

  `မကွေးရေသန့်လုပ်ငန်းကို ၃ကြိမ်စစ်ဆေးခဲ့ပါတယ်။ ဒီမှာ ၃ကြိမ်လုံးမအောင်တဲ့ လုပ်ငန်းတစ်ခုပဲ တွေ့ရပါတယ်။ သူ့ကိုနောက်တစ်ကြိမ်အခွင့်အရေးပေးထားပြီး ဆက်ပြီးမအောင်ဘူးဆိုရင်တော့ ထောက်ခံ ချက် ထုတ်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။စားသုံးသူပြည်သူ့အကျိုးစီးပွားကိုကာကွယ်ပေးနိုင်ဖို့ စစ်ဆေးအရေး ယူမှုတွေ တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်´ဟု အစားအသောက်ဌာနခွဲ ဒုတိယကြီးကြပ် ရေးမှူး ဒေါ်ခင်ချိုလင်းမှ အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

                                                                                                ဇေယျတု(မကွေး)

0 comments:

Post a Comment