Monday, October 26, 2015

မြန်မာ့အသံချစ်သူများအဖွဲ့ တွေ့ဆုံပွဲ မကွေးမြို့တွင် ကျင်းပ




မကွေး  အောက်တိုဘာ  ၂၆
          မြန်မာ့အသံဝန်ထမ်းများနှင့် သောတရှင်ပြည်သူများ တိုက်ရိုက်တွေ့ဆုံခွင့်ရရှိပြီး မြန်မာ့အသံအတွက် ဒေသဆိုင်ရာ အမာခံသတင်းထောက်များ တိုးပွားရရှိစေရေး ရည်ရွယ်လျက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မြန်မာ့အသံချစ်သူများအဖွဲ့(Radi0 Fan Club) အဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်း အနားကို (PSI Myanmar) ၏ပံ့ပိုးကူညီမှုဖြင့် အောက်တိုဘာ ၂၅ရက်မွန်းလွဲ ၂ နာရီက မကွေးမြို့ ကမ်းနားလမ်းရှိ နန်းထိုက်သူဟိုတယ်တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့အသံချစ်သူ အဖွဲ့ဝင် စုစုပေါင်းအင်အား (၃၈၀)ကျော် တက်ရောက်ခဲ့ကြ သည်။

          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး(အသံလွှင့်) ဦးဇေယျာက အခမ်းအနားကျင်းပရြုခင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနားဖြစ်မြောက်ရေးအတွက် စွမ်းစွမ်းတမံပါဝင်ပူးပေါင်းကူညီသည့် မြန်မာ့အသံချစ်သူအဖွဲ့ဝင်၊ မကွေးတိုင်းဒေသကြီး ဂီတအစည်းအဝေးရုံး ဥက္ကဌ ဦးသိုက်ထွန်းနှင့် မြန်မာ့အသံသို့ မကွေးတိုင်းဒေသကြီးမှ သတင်းအများဆုံးပေးပို့သူ တောင်တွင်းကြီးမြို့နယ်မှ  မြန်မာ့အသံချစ်သူအဖွဲ့ဝင် ဦးအုန်းကြိုင်တို့အား ညွှန်ကြားရေးမှူး(အသံလွှင့်) ဦးဇေယျာက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။

          ဆက်လက်ပြီး မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှ တွဲဖက်ပါမောက္ခ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်မျိုးမို့မို့က သားဆက်ခြားခြင်းဆိုင်ရာ သိကောင်းစရာများကို ဟောပြောကာ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။ ထို့နောက် တေးသံရှင် ရတနာဦး၊ ဆုန်သင်းပါရ်၊ ရှင်ဖုန်းတို့နှင့်အတူ စောမင်းနောင်၊ မီမီခိုင်၊ ခင်သက်စု၊ တင်နွယ်လင်းနှင့် မြန်မာ့အသံဝန်ထမ်းများ၊ တေးသံရှင်များက တေးသီချင်းများ ဖြင့် သီဆိုဖျော်ဖြေကြသည်။ ဖျော်ဖြေရေးအစီအစဉ်နှင့်အတူ (PSI Myanmar) ၏ သားဆက်ခြားခြင်းဆိုင်ရာ ဥာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး အဖြေမှန်သူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
          အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်မာ့အသံချစ်သူများအဖွဲ့တွေ့ဆုံပွဲအခမ်းအနားကို (၁၄.၃.၂၀၁၅)ရက်နေ့တွင် ပုသိမ်မြို့တွင် လည်းကောင်း၊ (၂၅.၉.၂၀၁၅)ရက်နေ့တွင် ကျိုင်းတုံမြို့တွင်လည်းကောင်း၊ (၁၁.၁၀.၂၀၁၅)ရက်နေ့တွင် မြစ်ကြီးနားမြို့တွင် လည်းကောင်း၊ အသီးသီးကျင်းပခဲ့ပြီး ယခုမကွေးမြို့တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment