Tuesday, October 27, 2015

``မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ရေးဆိုင်းဘုတ်တင်ပွဲနှင့် မြို့တွင်းလှည့်လည်စည်းရုံးရေးဆင်း´´




မကွေး ၊ အောက်တိုဘာ ၂၇ ။
          မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်ရေးဆိုင်းဘုတ်တင်ပွဲနှင့် မြို့တွင်း သို့ လှည့်လည်စည်းရုံးရေးဆင်းပွဲကို အောက်တိုဘာ ၂၇ ရက်နေ့၊ နံနက် ၉နာရီအချိန်ခန့်မှာ မကွေး မြို့ပတ်လမ်း နှင့် နတ်မောက်လမ်းဆုံးတွင် ပါတီဝင်အင်အား လေးထောင်ခန့်ဖြင့် ကျင်းပကြောင်း သတင်းရရှိသည်။


          မကွေးမြို့၊ မြို့ပတ်လမ်းနှင့် နတ်မောက်လမ်းဆုံတွင် အောက်တိုဘာ ၂၇ ရက်၊ နံနက် ၈း၅၅ နာရီအချိန် ခန့်မှာ မကွေးတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ၊ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း) နှင့် အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် ပါတီဝင်လေးထောင်ခန့် ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဓာတ်ပုံပါသော မဲဆွယ်ရေးဆိုင်းဘုတ်တင်ပွဲကျင်းပကြောင်း သတင်းရရှိသည်။


          ပြည်ခိုင်ဖြိုးစည်းရုံးရေးဆင်းပွဲမှာ EU ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲမှ နိုင်ငံခြားသားနှစ်ဦးလည်း ၀င်ရောက် သတင်းယူနေကြောင်း၊  အောက်တိုဘာ ၂၈ ရက်၊ နေ့လည် ၁နာရီအချိန်ခန့်တွင် ၎င်းအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ်တို့ကို အင်တာဗျုးခွင့်ပေးကြောင်း မကွေးမြို့နယ်အတွင်းရေးမှူး ဦးအောင်သိန်းကျော် မှ ပြောကြားကြောင်း မြင်တွေ့ခဲ့ရသည်။ 


          အဆိုပါဆိုင်းဘုတ်တင်ပွဲအပြီးတွင် မကွေးမြို့၊ မြို့ပတ်လမ်းနှင့် နတ်မောက်လမ်းဆုံ မှ မကွေးမြို့တွင်းသို့ နတ်မောက်လမ်းအတိုင်း ဆင်းသွားကြသည်။ ဆိုင်ကယ်ပေါင်း ၁၀၀၀ စီးခန့်ပါသော အဖွဲ့သည် ဗိုလ်ချုပ်လမ်း နှင့် နတ်မောက်လမ်းဆုံအရောက်မှာ ဗိုလ်ချုပ်လမ်းအတိုင်း တောင်ဘက်သို့၎င်း၊ ပြည်တော်သာလမ်းအရောက်မှာ ပြည်တော်သာလမ်းအတိုင်းအရှေ့သို့၎င်း ရွာသစ်ရပ်၊ ကန်သာ၊ မြင်သာရပ်၊ ရန်ပယ်ရပ်၊ ရန်ကင်းရပ်ကွက် တို့မှ မကွေးတက္ကသိုလ်လမ်းဆုံရှိ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းဒေသကြီး ဌာနချူပ်သို့ နံနက် ၁၀း၃၀ နာရီအချိန်ခန့်မှာ ပြန်လည်ဝင်ရောက်ကြသည်။

          အလားတူ အဆိုပါအဖွဲ့နှင့်အတူ ကားအစီးရေ ၆၀ စီးခန့်ဖြင့် ပါတီဝင်များသည် မြို့ပတ်လမ်းဆုံမှ နတ်မောက်လမ်းအတိုင်း ဆင်းလာ၍ ဧရာဝတီတံတား အ၀ိုင်းအရောက်တွင် မကွေးမြို့မဈေး၊ ဘုရားလမ်းအတိုင်း တောင်ဘက်မှ မကွေးတက္ကသိုလ်လမ်းဆုံရှိ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းဒေသကြီး ဌာနချူပ်သို့ နံနက် ၁၀ နာရီခန့်မှာ ပြန်လည်ဝင်ရောက်လာကြသည်။ နံနက် ၁၁ နာရီအချိန်ခန့်မှာ လူစုခွဲ၍ စည်းရုံးရေးပြီးသွားကြောင်း သတင်း ရရှိခဲ့သည်။
ဝိုင်းကြည်အောင်

0 comments:

Post a Comment