Wednesday, September 9, 2015

အမတ်ခေတ်စမ်းကာလ

အမတ်ခေတ်စမ်းကာလ
တိုင်းပြည်အနေအထားအရ စိတ်ချရပြီလို့ မဆိုပေမဲ့ ပါတီစုံလမ်းကြောင်းကို ၀င်ရောက်လာပြီဆိုတော့ အမတ်ဖြစ်ချင်ကြတာတွေ တနည်းအားဖြင့် ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားအဖြစ် ရပ်တည်လိုမှုတွေ တိုးပွားလာနေပါပြီ။ ၆၂ နှစ်နောက်ပိုင်း ဒါမျိုးအရသာ အခုမှပေါ်တာမဟုတ်လား။
အရင်က ထောင်ကျတန်းကျဖြစ်၊ ဖြတ်လေးဖြတ်ကြောင့် ပုံးမမှန်တဲ့ အလုပ်ဆိုတော့ " ဘယ်သူတက်တက် ကိုယ့်ထမင်းကိုစားရတာ၊ ကင်းကင်းရှင်းရှင်းနေမှ ဆိုတဲ့သူတွေလည်း အမတ်ဝင်ရွေးရင်ကောင်းမလား။ ကိုယ်တိုင်က ဖြစ်နိုင်ချေမရှိရင် နိုင်လောက်တဲ့ အမတ်လောင်းကို အကဲခတ်နေပြီး မိတ်ဖွဲ့ထားရတော့မလိုလို၊ သားမက်တော်ရတော့မလိုလို၊ ချွေးမတော်ရတော့မလိုလိုပေါ့။
ဒီမိုကရေစီကူးပြောင်းတာ မကူးပြောင်းတာ အသာထားလေ။ တော်လှန်ရေးဆိုတာကြီးလည်း မရှိတော့ဘူးလေ၊ ငြိမ်းပီပဲ။ ဂွင်ပွင့်ဖို့ပဲ လိုတယ်မဟုတ်လား။ ဟိုကွေ့ရောက် ဟိုတက်နဲ့လှော်၊ ဒီကွေ့ဒီတက်နဲ့ လှော်တတ်ပြီး လေဘယ်ကတိုက်တယ်ဆိုတာကို ဦးထွန်းလွင်ထက်တောင် ကြိုခန့်မှန်းတတ်တဲ့သူတွေဆိုတော့ ပျင်းတောင်ပျင်းသေးတယ်လို့ ပြောလိမ့်မယ်။
အမတ်ခေတ်စမ်းကာလဆိုတော့ ကြားပေါက်ရှိတဲ့ကာလမဟုတ်ပေမယ့် လစာက ၁၀ သိန်းနဲ့ ဂုဏ်သိက္ခာတက်မယ်လေ။ အနိမ့်ဆုံးကိုယ့်ရပ်ကိုယ့်ရွာမှာ လမ်းခင်းဖို့၊ မီးကြိုးသွယ်ဖို့၊ အမတော်ကြေးချေးပေးဖို့၊ စာသင်ကျောင်းဆောက်ပေးဖို့ လာအကူညီတောင်းကြမှာမဟုတ်လား။ ဒီကြားထဲ ပါတီအာဏာရလို့ အုပ်ချုပ်ရေးပိုင်းပါရောက်ရင် ကျွဲကူးရေပါတွေဖြစ်ဦးမယ်။
ရော်အမတ်တွေကကော- အဘဖွဲ့ခိုင်းလို့ ပါတီဖွဲ့တာပဲဖြစ်ဖြစ်၊ ဘိန်းရာဇာဖွဲ့ခိုင်းလို့ ပါတီဖွဲ့တာပဲဖြစ်ဖြစ်၊ ခရိုနီကိုကိုဖွဲ့ခိုင်းလို့ ပါတီဖွဲ့တာပဲဖြစ်ဖြစ် အမတ်စားရိတ်ပေးမယ်ဆိုလို့ကတော့ ရွေးကောက်ပွဲပြီးလို့ ရှုံးရင် အိမ်အပြင်တစ်လလောက်မထွက်ဘဲနေလိုက်ရတာကလွဲလို့ ဘာရှုံးမလဲ။ အသုံးစားရိတ်တောင်ရသေး။ အဲသလိုကမှ ဂွင်ဆင်ထားတဲ့အတိုင်း မဲနိုင်ရင်၊ အမဘက်ကလည်း အမနာမည်နဲ့ မဲနိုင်ပြီး အမြဲစိမ်းတို့က အာဏာမသိမ်းရင်၊ မဲမျက်စိလည်ပြီး ကော်ကောင်ဖြစ်ရင် အမတ်မင်းဖြစ်ရချည်သေးရဲ့ပေါ့။ ဥပဒေပြုတာတွေ၊ တိုင်းပြည်အုပ်ချုပ်ရေးတွေဘယ်လိုလေ့လာရမယ်ဆိုတာတွေအသာထား၊ မုဆိုးဆိုင်သင်သတဲ့ ငါးနှစ်အတွင်း ဆိုင်သင်လည်း သင်၊ မသင်လည်း ခလုတ်နှိပ်တတ်၊ လက်ခုတ်တီးတတ်ရင် ရတာပဲကို။ အဘတွေကလည်း အလကားတော့မနေပါဘူး။ မင်းဘာမေးဆိုတာတော့ စာရွက်လာပေးမှာပဲ၊ အမလား အမလည်း စာမေးပွဲမေးခွန်းပေါက်မှာပဲ။ ငှက်ပျောသီးအခွံနွာတာကမှ ခက်ဦးမယ်။ အဘပေးတဲ့ ရွေးကောက်ပွဲအသုံးစားရိတ်ကတော့ ထုံးစံအတိုင်း ပိုတင်လိုက်မှာပေါ့။ အဘမှာလည်း အပေါဆုံးက ပိုက်ဆံပဲကို။ အမဘက်ကပြိုင်ရတာကတော့ ပြောသာပြောရတယ် ခပ်လန့်လန့်ပဲ။ ထီပေါက်ပြီး ထီလက်မှတ်ပျောက်ရတာ ခဏခဏကိုး။ နောက်ပြန့်မကွေ့ပါဘူးလို့ ဟိုလူကြီးပြောထားလို့သာပဲ။ နေတတ်ရင် ပျော်စရာကြီးပဲကို။
ဆရာဦးစိန်ဝင်း ဖေ့စဘွတ် မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment