မင်းဘူး စက်တင်ဘာ ၂၂
ဧရာဝတီမြစ်ရေကြီးမှုများကြောင့်
မင်းဘူးမြို့နယ်အတွင်းမှ မြစ်ကမ်းအနီးဝန်းကျင် ကျေးရွာ များရှိ လူနှင့်တိရစ္ဆာန်များ
ရေဘေးကင်းလွှတ်ရာ ကုန်းမြင့်ပိုင်းဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ ဧရာဝတီမြစ်ရေဒုတိယအကြိမ်
မြစ်ရေမြင့်တက်ပြီး မြစ်ရေများကျဆင်းနေသော်လည်း ရေဘေးသင့်ကျေးရွာများမှ ပြည်သူများ
လူနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ခြင်း မရှိဘဲ ဆက်လက်နေထိုင်လျက်ရှိသည်။
မင်းဘူးမြို့နယ်
မန်းကျိုးကျေးရွာရှိ အိမ်ထောင်စု (၃၀)စု၊လူဦးရေ (၇၅)ဦးခန့်၊နွားအကောင်ရေ(၄၀) ကောင်၊
နိဗ္ဗာန်ကျွန်းကျေးရွာရှိ အိမ်ထောင်စု(၅၈)စု၊လူဦးရေ(၁၁၀)ဦး၊နွားအကောင်ရေ(၂၀၆)ကောင်၊
တို့မှာ မန်းရေနံမြေအတွင်းရှိ ညောင်စင်ကျောင်းဝန်းအတွင်း ဆက်လက်နေထိုင်လျက်ရှိသည်။နိဗ္ဗာန်ကျွန်းကျေးရွာမှ
ပြောင်းရွှေ့နေထိုင်လျက်ရှိသူ ဒေါ်သီတာအေးမှ ရွာပြန်နေရအောင်
အိမ်မှာက ရွှံ့နွံ့တွေနဲ့၊နွားတင်ကုတ်တွေ ကလည်း ရွှံ့နွံ့တွေတင်ကျန်နေခဲ့တော့ နွားတွေ
ခွာနာ၊လျှာနာကူးစက်ရောဂါတွေဖြစ်မှာလည်းစိုးတယ်၊ နွားစာလည်း ရှာရခက်တယ်၊ဒီမှာက နွားစာရှာရတာလွယ်တယ်၊ကျွန်းပေါ်က
ကိုင်းမြေတွေကလည်း ထွန်ယက်လုပ်ကိုင်ဖို့ မရသေးလို့ ဆက်လက်နေထိုင်နေတာပါ ဟုပြောပြသည်။
ရွာသစ်ကုန်းကျေးရွာရှိ
အိမ်ထောင်စု (၅၀)စု၊လူဦးရေ (၈၇)ဦး၊နွားအကောင်ရေ(၂၀၀)ကောင်တို့မှာ လည်း ကျေးရွာရှိ
လူနေအိမ်များတွင် လတ်တလော နေထိုင်ရန် အခက်ခဲရှိခြင်း၊နွားစာကျက်မြေများ မရှိခြင်း၊
ကိုင်းမြေများ လုပ်ကိုင်ရန်အခက်အခဲဖြစ်နေခြင်းတို့ကြောင့် ပြန်လည်ရွှေ့ပြောင်းခြင်းမရှိဘဲ
မန်းရေနံမြေ သံကန်တန်း(၇) ၀န်းအတွင်း ဆက်လက်နေထိုင်လျက်ရှိသည်။ရွာသစ်ကုန်းကျေးရွာ တောင်သူ
ဦးစိုးမြင့်မှ ဒီနှစ်မှာမြစ်ရေက နှစ်ကြိမ် တက်ခဲ့တယ်၊မြစ်ရေတက်တာ အချိန်ကြာသလို၊ကျတာလည်း
ကြာတယ်၊ ရွှံ့နွံနှစ်တွေက ယခင်နှစ်တွေထက် ပိုတင်ကျန်ခဲ့တယ်၊ဧရာဝတီမြစ်လယ်မှ ကျွန်းပေါ်က
ကိုင်းမြေတွေ နွံ့နစ်တွေ တင်တာများတယ်၊သီးနှံစိုက်ပျိုးလို့တော့ ကောင်းပါတယ်၊ စိုက်ပျိုးချိန်နောက်ကျတာပဲရှိတာပါ၊
သီတင်းကျွတ်လပြည့်ကျော် ရက်ပိုင်းလောက်မှ ထွန်ယက်စိုက်ပျိုးနိုင်မှာ ဖြစ်လို့ ဒီမှာ
ဆက်လက်နေထိုင်တာပါ ဟုပြောပြသည်။
မင်းဘူးမြို့နယ်တွင်းမှ
ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများသည် မြစ်လယ်တွင် ပေါ်ပေါက်လျက်ရှိသော ကျွန်းမြေနု ကိုင်းများကိုအမှီပြု၍
စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသည်။မြစ်ရေတက်သည်မှာ
နှစ်စဉ်အစဉ်အလာ ဖြစ်နေသော်လည်း၊ ယခုနှစ်တွင် မြစ်ရေ(၂)ကြိမ်ကြီးမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ
စိုက်ပျိုးချိန်နောက်ကျခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ကျွန်းမြေနုများပေါ်တွင် ဆောင်းသီးနှံများဖြစ်သော
ပဲမျိုးစုံ၊ငရုပ်၊မြေပဲ ကိုအဓိကထားစိုက်ပျိုးကြပြီး ဖရဲ၊သခွားနှင့် ဟင်းသီး ဟင်းရွက်
ရာသီပေါ်သီနှံများကို စိုက်ပျိုး၍ မင်းဘူး၊မကွေးမြို့များသို့ တင်ပို့ရောင်းချကြသည်။
ဧရာဝတီမြစ် လယ်မှ ကျွန်းများပေါ်တွင် တစ်ရာသီသီးနှံ အောင်မြင်စွာစိုက်ပျိုးနိုင်ပြီး
သီးနှံများ ဈေးကောင်းရရှိ ရောင်းချရပါက တစ်နှစ်စာ ၀မ်းစာဖူးလုံကြ၍ မြစ်ရေနှစ်စဉ်တက်လျက်ရှိသော
ကျေးရွာများကို မစွန့်ခွာနိုင်ပဲ ကျွန်းမြေနုများနှင့် နီးရာ မြစ်ကမ်းများ တွင် ဆက်လက်နေထိုင်လုပ်ကိုင်လျက်ရှိကြောင်း
သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment