Friday, August 28, 2015

မိုးခေါင်ရေရှားဒေသများတွင် တောင်သူပညာပေးသင်တန်းဖွင့်




ရေနံချောင်း           သြဂုတ်        ၂၄

          ရေနံချောင်းမြို့နယ်တွင် မိုးခေါင်ရေရှားသောဒေသများတွင် တောင်သူပညာပေးသင်တန်းဖွင့်ပွဲကို သြဂုတ် ၂၂ရက်နေ့က ချိုင်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။
          အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးဌေးမြင့်က စိုက်ပျိုးရေးလုပ်ငန်းများကိုယခင်နှစ်များကဲ့သို့မဟုတ်ဘဲရာသီဥတုဖောက်ပြန်မှုများကြောင့် မျိုးများရွေးချယ်ခြင်း၊ မြေယာများပြုပြင်ခြင်းတို့ ဖြင့် အထွက်တိုးလာစေရန်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများက သီးနှံမျိုးစုံစိုက်ပျိုးရေးစနစ်နှင့်ပုံစံများ၊နှမ်း၊မြေပဲ၊နေကြာစိုက်ပျိုးနည်းများ၊ ဆီထွက်သီးနှံများတွင် ကျရောက်သောပိုးမွှားများနှင့် ကာကွယ်နည်းများ၊ ပဲမျိုးစုံစိုက်ပျိုးနည်းများ၊ ပဲမျိုးစုံတွင်ကျရောက်သောပိုးမွှားများနှင့် ကာကွယ်နှိမ်နှင်းနည်းများအကြောင်း၊ သီးနှံများတွင်ကျရောက်တတ်သောရောဂါများအကြောင်းနှင့် နှစ်ရှည်သီးနှံပင် များအကြောင်းတို့ကိုကစုံလင်စွားဆွေးနွေးခဲ့ကြသည်။
          သင်တန်းတွင် ချိုးဒေသခံတောင်သူတစ်ဦးကအရင်ကတော့ မိဘအစဉ်အဆက်စိုက်ခဲ့တဲ့မျိုးပဲစိုက်တာပေါ့ ပိုးသတ်ဆေးဆိုလည်းကုမ္ပဏီတွေကလာရောင်းတာကို ၀ယ်ပြီးအပင်တွေကိုဖျန်းလိုက်တာပဲ၊ အခုလိုပိုးသတ်ဆေးဖြန်းလို့ဖြစ်လာတဲ့အန္တရာယ်တွေ မသိဘူးလေ၊ ဒီနေ့သင်တန်းမှာသင်လိုက်တာစုံလို့ပါဗျာအထွက်ကောင်းဖို့ မျိုးပြောင်း၊မြေပြင်ရတာတွေ ၊ပိုးသတ်ဆေးဖိုးတစ်သိန်းကျော်ကုန်ဖို့မလိုဘဲ သဘာဝနည်းတွေနဲ့ ပိုးမွှားရောဂါတွေကိုကာကွယ်တတ်ပြီ၊ ပိုးသတ်ဆေးဆိုလည်း ကောင်းကောင်းရွေးဝယ်တတ်လာတယ်ပေါ့ တကယ်ကောင်းတဲ့သင်တန်းတစ်ခုပါဟုပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် တောင်သူ(၅၀)ဦးတက်ရောက် ဆွေးနွေးခဲ့ကြပြီးစိုက်ပျိုးရေးဦးစီးဌာနမှလည်းလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။ ရေနံချောင်းမြို့နယ်တွင် တောင်သူပညာပေးသင်တန်းများကိုချိုင်းကျေးရွာအပြင် ပင်းဝ၊ထိန်ချောင်း၊ဘဲဆိပ်၊ကန်ကြီး၊ကုန်းအိုင်၊ရုံးကုန်း၊ နတ်ကန်ဦး၊ကုက္ကိုခွနှင့် လေးတိုင်စင်ကျေးရွာတို့တွင်လည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

                                                                                                ဖြိုးမွန်မွန်ထွန်း                          
မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment