Wednesday, August 26, 2015

ဟင်းဖိုးငွေတောင်းသည့်ကိစ္စအား မကျေနပ်၍ ညီအစ်ကိုဝမ်းကွဲချင်း ဓါးခုတ်မှုဖြစ်ပွား




အောင်လံ     သြဂုတ်     ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့နယ်၊ ချင်းစခန်းကြီးကျေးရွာတွင် သြဂုတ် ၂၄ ရက်နေ့ နေ့လည် (၂) နာရီအချိန်ခန့်တွင် ဟင်းဖိုးငွေတောင်းသည့်ကိစ္စအား မကျေနပ်၍ ညီအစ်ကို ၀မ်းကွဲချင်း ဓါးခုတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

          အောင်လံမြို့နယ်၊ ချင်းစခန်းကြီးကျေးရွာနေ ဒေါ်မိုးမိုး(၄၆)နှစ်သည် နေအိမ်၌ ခင်ပွန်းဖြစ်သူ ကိုချစ်ရွှေ (၄၅)နှစ်နှင့်အတူရှိနေစဉ် အနောက်ဘက်ခြံချင်းကပ်လျှက်နေ ကိုချစ်ရွှေနှင့်ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ ဦးချစ်မောင်(၅၃)နှစ်မှာ အရက်မူးပြီး နေအိမ်ခြံစည်းရိုးနားမှနေ၍ ယခင်နေ့က ချစ်ရွှေမှ ၎င်းထံမှရရန်ရှိသည့် ဟင်းဖိုးငွေတောင်းသည့်ကိစ္စအား မကျေနပ်၍ ''ချစ်ရွှေ၊ သတ္တိရှိရင် ထွက်ခဲ့''ဟု အော်ဟစ်စိန်ခေါ်နေကြောင်း ၊ ခဏအကြာ ဦးချစ်မောင်၏အသံ ပျောက်သွား၍ ကိုချစ်ရွှေမှာ ရွာမြောက်ဘက်ရှိပြောင်းခင်းသို့ နွားစာပြောင်းခုတ်ရန် ဓါးဆွဲပြီးထွက်သွားစဉ် ဦးချစ်မောင် နောက်မှလိုက်သွားသည်ကိုမြင်ရသဖြင့် ဒေါ်မိုးမိုး သည် နေအိမ်နောက်ဖေး ကြမ်းပြင် ပေါ်သို့ တက်ကြည့်ရာ ကျေးရွာမြောက်ဘက် ပေ ၁၀၀ ခန့်အကွာ လူသွားလမ်းပေါ်တွင် ကိုချစ်ရွှေမှာ လဲကျနေသည်ကို တွေ့ရကာ ဦးချစ်မောင်မှ ဓါးနှင့်ခုတ်နေသည် ကို တွေ့ရကြောင်း ၊ ဒေါ်မိုးမိုးမှာ သွားရောက်မကြည့်ရဲ၍ ရွာအနောက်ပိုင်းရှိ ကိုချစ်ရွှေ၏ မိဘများဖြစ်သော ဦးရွှေစနှင့် ဒေါ်ငွေရှင် တို့အား သွားရောက်ပြောကြားခဲ့ကြောင်း၊ ဦးရွှေစနှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့သွားရောက် ကြည့်ရှုရာ ကိုချစ်ရွှေတွင် ဦးခေါင်းနောက်စေ့(၆)လက္မခန့်/လည်ပင်း ဝဲဘက်(၆)လက္မခန့် /  နောက် ကျော(၆)လက္မခန့်နှင့် (၅)လက္မခန့်/ယာဘက်လက်ပြင်(၃)လက္မခန့်/ ဝဲဘက်လက်မောင်း (၂) လက်မခွဲခန့်/ ခါး(၁ဝ)လက္မခန့်/ယာပေါင်ရင်း (၈)လက္မခန့်ပြတ်ရှဒဏ်ရာများရရှိ သေဆုံးနေကြောင်း သိရှိရသဖြင့် ဓါးဖြင့်ခုတ်သူ ချစ်မောင်အား အရေးယူပေးရန် ဒေါ်မိုးမိုးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် အောင်လံမြို့နယ်၊ ရွှေ့ပန်းတောနယ်မြေရဲစခန်း(ပ)၇ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment