Tuesday, July 28, 2015

EMG ၏ CEO အား လုပ်ကြံမှုတွင် ပါဝင်သောကြောင့် ဖမ်းဆီးထားသူ ၂ ဦးအား ဗဟန်းတရားရုံး၌ စတင်ရုံးထုတ်၊ တတိယတရားခံဖြစ်သူ သန်းထိုက်အောင်အား ဖမ်းဆီးအရေးယူနိုင်ရေး တပ်မတော်သို့ တရားဝင်စာ ပေးပို့မည်ဟု မြို့နယ်တရားသူကြီး ပြောကြား

Ant Bwe Kyaw shared Eleven Media Group's photo. မှ ကူးယူဖော်ပြသည်။
1 hr ·
EMG ၏ CEO အား လုပ်ကြံမှုတွင် ပါဝင်သောကြောင့် ဖမ်းဆီးထားသူ ၂ ဦးအား ဗဟန်းတရားရုံး၌ စတင်ရုံးထုတ်၊ တတိယတရားခံဖြစ်သူ သန်းထိုက်အောင်အား ဖမ်းဆီးအရေးယူနိုင်ရေး တပ်မတော်သို့ တရားဝင်စာ ပေးပို့မည်ဟု မြို့နယ်တရားသူကြီး ပြောကြား
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူမျာှးအနက် ဖမ်းဆီးရမိထားသူ နှစ်ဦးဖြစ်သည့် မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင်တို့ကို ဇူလိုင် ၂၈ ရက်က ဗဟန်းမြို့နယ် တရားရုံးသို့ စတင်ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရုံးထုတ်ရာတွင် အမှုနှင့်ပတ်သက်၍ ကျူးလွန်သူအားလုံး ဖမ်းဆီးရမိခြင်း မရှိသေးသောကြောင့် ရမန်ထပ်ယူခြင်းသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံမှုနှင့် ပတ်သက်၍ တတိယတရားခံအဖြစ် ဖမ်းဆီးခံထားသူများက ထွက်ဆိုထားသည့် သန်းထိုက်အောင် ဆိုသူအား ဖမ်းဆီးအရေးယူ နိုင်ရေးအတွက် သက်ဆိုင်ရာ တပ်မတော်သို့ တရားဝင်စာ ပေးပို့သွားမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် တရားသူကြီး ဦးရဲလွင်က တရားခွင်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
“သန်းထိုက်အောင်ဆိုတဲ့သူက အခုထွက်ပြေးနေတယ်။ သူ့ကိုစုံစမ်းတော့ အချက်အလက်တွေအရ သူကတပ်မတော်ကလို့ သိရတယ်။ သူ့ကိုဖမ်းဆီးဖို့အတွက် သက်ဆိုင်ရာ တပ်မတော်ကို တရားဝင်စာ ပေးပို့သွားမယ်။ သူ့ကိုဖမ်းပြီး ရုံးထုတ်တာကိုလည်း စစ်တရားရုံးမှာ ထုတ်မလား။ အရပ်ဘက်တရားရုံးမှာ ထုတ်မလား ဆိုတာကိုပါ ဆောင်ရွက်သွားမှာပါလို့ ဗဟန်းမြို့နယ် တရားသူကြီးက တရားခွင်မှာ ပြောကြားခဲ့ပါတယ်။ နောက်တစ်ကြိမ် ရုံးချိန်းက သြဂုတ်လ ၁၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်” ဟု အဆိုပါတရားခွင်သို့ သွားရောက်ခဲ့သူ Eleven Media Group သတင်းထောက်က ပြောပါသည်။
ဇူလိုင် ၂၈ရက်က ဗဟန်းမြို့နယ်တရားရုံး၌ ရုံးထုတ်ချိန်တွင် ဖမ်းဆီးရမိထားသူနှစ်ဦး၏ အမည်၊ နေရပ်လိပ်စာ စသည့် ကိုယ်ရေးအချက်အလက်နှင့် ခန္ဓာကိုယ် အမှတ်အသားများအား ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားချက်များနှင့် ကိုက်ညီမှု ရှိ မရှိကို မြို့နယ်တရားသူကြီးက စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သော အဆိုပါလုပ်ကြံမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၄ ရက် ညပိုင်းနှင့် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတို့တွင် ကျူးလွန်ရာ၌ ပါဝင်သော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ယင်းနောက်ပိုင်းတွင် အမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ ကျူးလွန်ရာတွင်ပါဝင်သော အခြားသူများကိုလည်း ထပ်မံဖမ်းဆီးရမိခြင်း မရှိသေးပေ။ ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၂၀ ရက်တို့တွင် Eleven Media Group အနေဖြင့် စုံစမ်းသိရှိရသော အချက်အလက်များအရ ကျူးလွန်ရာတွင် သန်းထိုက်အောင်ဆိုသူ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့သည်။
ထို့နောက်တွင် ဖမ်းဆီးရမိထားသူများက ကျူးလွန်ရာတွင် သန်းထိုက်အောင်ဆိုသူ၏ အစီအစဉ်အရ ကျူးလွန်ရာတွင် ပါဝင်ခြင်းဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ဇူလိုင် ၂၄ တွင် Eleven Media Group ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။
ဖမ်းဆီးရမိထားသူ နှစ်ဦးအား ပုဒ်မ ၄၄၀/၁၄၄ ဖြင့် အမှုဖွင့် ရမန်ယူထားခြင်းဖြစ်ပြီး နှစ်ပတ်ပြည့်သည့် ဇူလိုင် ၂၈ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ စတင်ရုံးထုတ်၍ ရမန်ထပ်ယူခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ကြိမ် ရုံးချိန်းအား သြဂုတ်လ ၁၁ ရက်နေ့သို့ ချိန်းဆိုထားကြောင်း သိရသည်။
“အမှန်တကယ်ဆိုရင် အနီးကပ်လုပ်ကြံခံရတဲ့ သူကိုတော့ လာမေးရမှာပေါ့။ ကြံစည်တာ ဘယ်သူတွေ ဖြစ်နိုင်တယ်။ ဘယ်သူတွေ ပါဝင်နိုင်တယ် ဆိုတာတွေကိုတော့ လာမေးသင့်တယ်။ အခုထိ ဘယ်သူမှ တစ်ခါမှ လာမမေးသေးဘူးဗျာ။ ဒါကတော်တော် ဆိုးရွားတာပဲ။ ကျွန်တော်ကတော့ အမှုမှန် ပေါ်ချင်တယ်။ ကျူးလွန်သူကို အကာအကွယ်ပေးသူ ဖုံးကွယ်ထားသူတွေပါ ဥပဒေကို ဖောက်ဖျက် ကျူးလွန်သူတွေနဲ့ အတူတူ တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ ကျွန်တော် သိရှိရသလောက် ဒီအမှုရဲ့နောက်ကွယ်မှာ ရှုပ်ထွေးမှုတွေရှိတယ်။ ကျူးလွန်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် မဖော်ထုတ်နိုင်ဘူးဆိုရင် မဆိုင်တဲ့သူတွေ၊ အဖွဲ့အစည်းတွေအဖို့ ပြည်သူတွေ အကြား ဂုဏ်သိက္ခာကျဆင်းစရာ ဖြစ်လာလိမ့်မယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူဟာ ငါးယောက်အထက် ရှိပါတယ်။ ဒါတွေအားလုံး တရားရုံးဆီရောက်အောင် လုပ်ဖို့က ရဲတပ်ဖွဲ့မှာ တာဝန်ရှိပါတယ်။” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။
“ကျွန်တော်တို့ စုံစမ်းသိရှိရတဲ့ အချက်အလက်အချို့ကို ဇူလိုင် ၂၀ ရက်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးဆီ တရားဝင် စာပေးပို့ထားပြီးပါပြီ။ ဒီလုပ်ကြံ ကျူးလွန်မှုမှာ ပါသေးတဲ့ သန်းထိုက်အောင် ဆိုတဲ့သူဟာ မြောက်ဥက္ကလာပမှာရှိတဲ့ စရဖ အကူ(၂) ကလို့ သိရတဲ့အတွက် ဟုတ်မဟုတ်၊ မှန်မမှန် စိစစ်နိုင်ဖို့ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။ မှန်မမှန် အတိအကျကတော့ ကျွန်တော်တို့ မသိနိုင်ပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက စုံစမ်းဖော်ထုတ်မှသာ နောက်ကွယ်ကအခြေအနေတွေကို သိနိုင်မှာပါ။ အခုတော့ ဗဟန်းမြို့နယ် တရားသူကြီးက သန်းထိုက်အောင်က တပ်မတော်က ဖြစ်လို့ တရားဝင်စာပို့မယ်လို့တော့ ရုံးထုတ်ချိန်မှာပြောတယ်လို့ သိရပါတယ်။ ဒီလုပ်ကြံမှုနဲ့အတူ KTV ကိစ္စ ဝါဒဖြန့်ချိတာတွေပါ ချိန်သားကိုက် လုပ်လာကြတဲ့အတွက် လုပ်ကြံမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေနဲ့ KTV ကိစ္စ ဝါဒဖြန့်သူတွေဟာ အတူတူလို့ ယူဆစရာတွေရှိနေတယ်။ ကျွန်တော်တို့ စုံစမ်းသိရှိထားတဲ့ အချက်တွေကိုလည်း ရဲတပ်ဖွဲ့ကို လိုအပ်သလို ပေးအပ်သွားမှာဖြစ်ပါတယ်။” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
(ဖမ်းဆီးရမိထားသည့် မျိုးမြင့်အောင်နှင့် ရန်နိုင်တို့အား ဗဟန်းမြို့နယ် တရားရုံးတွင် တွေ့ရစဉ်)

0 comments:

Post a Comment