မင်းဘူး ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ
မန်းရွှေစက်တော်ရာဘုရားကြီး၏ ပါဒ အောက်စက်တော်ရာခြေတော်ရာမြတ်အား ဇူလိုင်လ(၂၀)ရက်နေ့မှ
စ၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နမ္မဒါ မန်းချောင်းရေမြင့်တက်လာကာ ဇူလိုင်လ(၂၇)ရက်နေ့တွင်
ဖန်အုပ်သျှောင်းတော်မြတ်အတွင်းထိ ရေများ ဖုံးလွှမ်းသွားခဲ့သည်။
မန်းချောင်းရေ တက်လာတာ ယခင်နှစ်များထက် ပိုမိုမြင့်တက်လာပြီး
မိုးအဆက်မပြတ် ရွားသွန်းမှုများကြောင့် ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ယခုလက်ရှိ
အောက်စက်တော်ရာ ရင်ပြင်တော်တော်ပေါ်သို့ မန်းချောင်းရေဖုံးလွှမ်းလျက်ရှိနေပြီး၊ပျက်စီးဆုံးရှုံးမှုများ
မရှိသေးကြောင်း၊ ပုသိမ်-မုံရွာကားလမ်းမှ မန်းရွှေစက်တော်ရာ သို့ အ၀င် (၃)မိုင်လမ်းခွဲရှိ
ယာယီတံတားများလည်း ပျက်စီးမျှောပါးသွားသဖြင့် (၈)မိုင်လမ်းမှ အထက်စက်တော်ရာသို့ လာရောက်ဖူးမျှော်နိုင်ကြောင်း၊
ဂေါပကအဖွဲ့ဝင် ဦးကျော်စိန်ဝင်း၏ ပြောပြချက်အရ သိရှိရသည်။
နမ္မဒါဟု အမည်တွင်သော မန်းချောင်းသည် ငဖဲမြို့နယ်၏
အနောက်တောင်ဘက် (အထက်ဘက်)မှစတင်၍ စီးဆင်လာရာ ၎င်းမန်းချောင်းရေအား မန်းချောင်းရေလှောင်တမံမှ
သိုလှောင်ထိန်း သိမ်းထားရှိပြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ လယ်ယာမြေများ နွေးစပါး
အောင်ရေအပြည့်အ၀ပေးဝေနိုင်ရန် အိုင်းမရေလွှဲဆည်မှတဆင့် တောင်မန်းမြောင်းမကြီး၊မြောက်မန်းမြောင်းမကြီးတို့ဖြင့်
ဖြန့်ဝေပေးနေလျက်ရှိရာ ၂၀၁၆-ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေအပြည့်အဝ
သိုလှောင်ထားနိုင်ပြီး ရေပိုလွှဲပေါက်များမှတဆင့် စီးဆင်းသော မန်းချောင်းရေများကြောင့်
မန်းရွှေစက်တော်ရာဘုရား အောက်စက်တော်ရာမြတ်အား ရေဖုံးလွှမ်းသည်အထိ မြင့်တက်၍ ဦးခိုက်ပူးဇော်လျက်ရှိနေကြောင်းနှင့်
ပါဒအောက်စက်တော်ရာ ခြေတော်ရာမြတ်အား ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဘုရားကြီးအနီးရှိ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ
ရေကင်းများချထား၍ အထူးစောင့်ရှောက် လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment