Thursday, July 16, 2015

"မင်းဘူးမြို့ကြီး ရေတွင်းထဲကျနေသည်" ဝိုင်းဝန်းကူညီ ဆယ်ယူပေးကြပါ"

Thu Ta Nay shared Linyunaung Minbu's post. မှ ကူးယူဖော်ပြသည်။
8 hrs ·
 
 
 
 
 
 
 
 
 
 
 
 
 
 
"မင်းဘူးမြို့ကြီး ရေတွင်းထဲကျနေသည်"
ဝိုင်းဝန်းကူညီ ဆယ်ယူပေးကြပါ"
(၁)
" ရေငတ်တုန်း ရေတွင်းထဲကျ " ဆိုတဲ့စကားကို ကျွန်တော် လွယ်လွယ်နားလည် ကြည့်ခဲ့ပုံပဲဗျ။ ဟုတ်တယ်လေ၊ ရေငတ်တဲ့လူ ရေတွင်းထဲကျတာကို "လိုချင်တာ" နဲ့ "ရလာတာ" တစ်ထပ်တည်းကျသွားတာလို့
ကျွန်တော်က လွယ်လွယ် လက်ခံပစ်လိုက်မိတာကိုး။

တကယ့်လက်တွေ့ "ကွင်း" ထဲမှာကျမှ "ယူဆချက်"လောက်ဟာ သိပ်မသေချာသေးတာကို သိလိုက်ရ
တော့တာဗျ။
ဒါကလဲ "မင်းဘူးမြို့၊ တိုးချဲ့မြို့ရေပေးရေးလုပ်ငန်း"
ပေါ်ပေါက်လာလိုက်တာက ဒီအသိတရားဆီကို တွန်း
ပို့ပေးလိုက်တာလို့ ဆိုရတော့မှာပါပဲဗျာ။
(၂)
မင်းဘူးမြို့ဆိုတာ တောင်မြောက်စီးဆင်းနေတဲ့
"ဧရာဝတီမြစ်" အနောက်ဖက် နှုတ်ခမ်းသားမှာ မြစ်နဲ့
အပြိုင်စီးဆင်းနေတဲ့ မြို့တစ်မြို့ဗျ။ တစ်ခါကတော့
"ဝါဆိုဝါခေါင်၊ ရေဖောင်ဖောင်" အချိန်တိုင်းမှာ
"စိုးရိမ်ရေမှတ်" အထက်ကနေပြီး မြစ်ရေအောက် ရောက်နေတတ်တဲ့မြို့ပေါ့။
ထူးခြားတာက -
နှစ်စဉ် ရေကြီးရေလျှံတတ်တဲ့ ဒီမြို့က ရေချိုရေသန့်
ကျတော့ တူးလို့ကို မရနိုင်တာပဲဗျာ။ ပညာရှင်တွေ
စကားအရတော့ "လွာတွန့်လိပ်ခုံး" ပေါ်မှာ မြို့က
တည်နေတာဆိုလား ... ၊ ကြားဖူးတယ်
ပြဿနာက အဲဒီကစတာပဲ။
မင်းဘူးမြို့ရဲ့ မြို့ရေပေးဝေမှုပုံစံက ဟိုးရှေးရှေးတုန်း
ကအတိုင်း။ "ရွှေယုန်နဲ့ရွှေကျား၊ သက္ကယ်ရိပ်သွား"
တုန်းကအတိုင်း။ ကနေ့ မြင့်တက်လာတဲ့ မြို့လူဦးရေ
က ပေါက်ကွဲလုမတတ်။ မြို့ခံတွေခမြာ "ရေငတ်မှု" ကို အံတုဖို့ ရေတွင်းကလေးတွေ တူးကြည့်ကြပါရဲ့။
"ပိုးသာကုန်တယ်"၊ "ကိုမောင်ပုံ ရွှေမင်းဘူး"ကဖြင့်
ဘယ်နေရာမှာမှ ရေတွင်းတူးလို့ "စောင်း"အတတ်ကို
မတတ်ခဲ့နိုင်ပါဘူးခင်ဗျာ။ ဒါနဲ့ပဲ စွမ်းနိုင်သူတွေက
မြစ်ကမ်းနဖူးတွေမှာ အင်ဂျင်တွေချ။ ကိုယ့်ရေကိုယ်ရအောင် ဖြေရှင်းကြ။ များရာစု လူထုကြီးတွေကတော့
ရေကြည်တစ်ပေါက် သောက်ခွင့်ရဖို့ "မော့ကန်းမော့ကန်း"နဲ့ပဲ အသက်ရှင်ခဲ့ကြရတာ ယနေ့ထိတိုင်
အောင်ပါပဲဗျာ။
"တည့်တည့်ပြောကွာ ... ၊ ကဗျာဆန်မနေစမ်းနဲ့"
ဆိုရင်တော့ မင်းဘူးဆိုတဲ့မြို့ကလေးဟာ ဆယ်စုနှစ်
ပေါင်းများစွာနဲ့ချီပြီး ရေငတ်နေခဲ့တဲ့ မြို့ကလေးတစ်
မြို့ပါပေါ့။
(၃)
"ဟော ... ၊ အခုတော့ မင်းဘူးမြို့ကြီး ရေတွင်းထဲ
ကျပြီပေါ့ဗျာ ... "
ဒါက "ရေငတ်တုန်း ရေတွင်းထဲကျ" ဆိုတဲ့စကားကို
ကိုယ့် "အိုင်ဒီယာ" နဲ့ကိုယ်၊ နားလည်သလိုအတွေး
နဲ့ "ကြွေးကြော်" လိုက်တာဗျ။
ကြည့်စမ်းဗျာ။
ရေငတ်နေတဲ့မြို့။ နိုင်ငံတော်အစိုးရရန်ပုံငွေနဲ့ "တိုးချဲ့
မြို့ရေပေးရေးလုပ်ငန်း" အတွက် ချပေးလိုက်တာများ
သိန်းပေါင်း သောင်းခြောက်ထောင်ကျော်(၁၆၃၄၅.၅
ကျပ်) ဆိုပါလားဗျာ။
ဒါ .....
နှစ်ပေါင်းများစွာ ရေငတ်နေတဲ့မြို့အတွက် "ရေတွင်း
ထဲကျ" တာမဟုတ်လို့ "ဘာလဲဗျာ... "။
အိပ်မက်မဟုတ်ဘူးဗျ။
၂.၇.၂၀၁၅ ရက်ထုတ် "ကြေးမုံ"သတင်းစာမှာ မကွေး
တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က "အိပ်ဖွင့်
တင်ဒါ"ခေါ်ထားတာကို ကိုယ်တိုင်ဖတ်လိုက်ရတာ၊
မျက်စိနဲ့တပ်အပ်ဖတ်လိုက်ရတာ။
ကဲ ... ဘာလိုသေးလဲဗျာ။
(၄)
အဲ ... အခုကျမှ "ရေငတ်တုန်းရေတွင်းထဲကျ" ဆိုတာ ကို အမြင်တိုတိုကလေးနဲ့ နားလည်ကြည့်ခဲ့မိတာ အတွက် ကိုယ့်ကိုကိုယ် "ကျွန်တော်မျိုး ဆယ်ခါပြန်
သေသင့်ပါတယ်" ပြောမိတော့တာ။
ဟုတ်တာပေါ့ဗျ။
ရေကလေးငတ်တာ၊ ရေတွင်းထဲအထိကျသွားမှတော့
ဆက်လက်ရှင်သန်နိုင်ဖို့အတွက် အနည်းဆုံး ယက်တတ်၊ ခတ်တတ်၊ ဖော့တတ်ရှိဦးမှ။ ပြီးတော့ -
ရေတွင်းထဲက ရုန်းထွက်၊ ကုန်းတက်နိုင်စွမ်းကလဲ
ရှိဦးမှ။ နောက်ဆုံး ကူမယ့်ကယ်မယ့်လူ ရောက်မလာ
မချင်း တောင့်ထားနိုင်တဲ့ ခွန်အားကလဲ ကျန်ဦးမှ ...
ဆိုတော့မှ ...
"အင်း ... ၊ ဟုတ်သား။ ငါက လွယ်လွယ်ကလေး
စဉ်းစားမိခဲ့တာ"
လို့ အသိဝင်လာတော့တာ။
(၅)၊(က)
အခုလဲ ကြည့်ဦးလေ။
(ကျွန်တော် လွယ်လွယ်တွေးခဲ့မိတဲ့)
ရေတွင်းထဲကျတဲ့ မင်းဘူးမြို့၊ မြို့ခံတွေရဲ့
"ရေတွင်းထဲက လျှံထွက်လာတဲ့ စကားသံတွေ" ပေါ့။
"လေးစားတယ်ဗျာ ...
မြို့တစ်မြို့လုံး ဖွံ့ဖြိုးရေးအတွက် လူဆယ်ယောက်
လောက်နဲ့ လုပ်နိုင်တယ်ဆိုတာ ... နှုတ်များလုံချက်
ကတော့ သတင်းစာထဲ "တင်ဒါ"ခေါ်မှ သိတယ်"...
တဲ့။
"တင်ဒါလုပ်ငန်းဆိုတာ သူ့ယဉ်ကျေးမှုနဲ့သူပါ၊
လိုချင်တဲ့လူတိုင်း မရပါဘူး" ..... တဲ့။
"ထောက်ခံတယ်မပြောဘူး၊ ကန့်ကွက်မည့်သူမရှိဘူး၊
စောင့်ကြည့်မည့်သူမရှိဘူး ...
မသိသလို၊ မဆိုင်သလိုနေတဲ့ မြို့လူထု၊
လုပ်ငန်းအကောင်အထည်ဖော်မယ့် လူတစ်စု ... "
တဲ့ ။
ဒါက -
ပွင့်လင်းမြင်သာမှုကို အားမရ။ တင်ဒါလုပ်ငန်းအပေါ်
စိတ်မချ။ လုပ်ငန်းအကောင်အထည်ဖော်မယ့်လူတွေ
အပေါ် သံသယ။ မြို့ခံလူထုတွေအပေါ် ဘဝင်မကျ။
သူ့အမြင်နဲ့သူ ရင်ထဲ"တပွပွ" ဖြစ်နေဟန် ရှိသူတစ်ဦး
ရဲ့ "အွန်လိုင်း"ပေါ်ရောက်လာတဲ့ -
"ရေတွင်းထဲက "အော်သံ" တစ်သံ။
(၅)၊(ခ)
နောက် "အော်သံ " တစ်သံကတော့ တစ်မျိုးတစ်ဘာ
သာ။ သူအသံကလဲ အွန်လိုင်းပေါ်အထိ "လှိုင်သံ"ကြီး
နဲ့ တက်လာတာပါ။
"ငါ၊ ငါ့အိမ်၊ ငါ့မိသားစု၊ ငါ့စီးပွားရေး၊ ငါ့ဈေး၊
ငါ့ရပ်ကွက် ဆိုတဲ့ "အစွဲ" လေးတွေ လျှော့ကြပါ။
မင်းဘူးတစ်မြို့လုံး ရေရှားပါးတဲ့ "ဒုက္ခ" က လွတ်
အောင် လက်ခံပေးလိုက်ကြပါ။ အကောင်းမြင်
အကြည့်ကလေးနဲ့ ကြည့်ပေးကြပါ။
စီမံကိန်းကို ခုတုန်းလုပ်ပြီး အမြတ်မထုတ်နိုင်ဖို့၊
ဝိုင်းဝန်းပေးကြဖို့က ရပ်ကွက်တာဝန်ပါ....."
ပါတဲ့။
(၅)၊(ဂ)
အဲ ... ၊ နောက်တစ်သံကလဲ စိတ်ဝင်စားဖို့ ကောင်းသေးသဗျ။ အဲဒါကတော့ ထူးလဲထူးခြားတယ်ပဲ ဆိုရ
မယ်။ ဒီအသံက -
"ရေတွင်းထဲကနေ လွှတ်တော်ထဲအထိ " ရောက်မယ့်
အသံပေါ့ဗျာ။
မြစ်ရေတင်စီမံကိန်းအတွက် အခင်းအကျင်းတွေ
တည်ဆောက်ဖို့ လျာထား,ထားတဲ့ ရပ်ကွက်ရဲ့
နယ်မြေခံလူထုနဲ့ အဲသည်ရပ်ကွက်နေ ပြည်သူ့လွှတ်-
တော် ကိုယ်စားလှယ်တို့ (၁၁.၇.၂၀၁၅)နေ့က တွေဆုံတဲ့ပွဲဆီကနေ ထွက်လာတဲ့အသံဗျ။ ကိုယ်တိုင်
တက်ရောက်ဖြစ်ခဲ့တာ မဟုတ်တော့ သူပြောလူပြော
လောက်ကိုပဲ ပြန်ပြီးကြားနိုင်ခဲ့တာပါ။ အနှစ်ချုပ်သိရ
တာကတော့ -
"စီမံကိန်းကြီးကို ကန့်ကွက်နေတာ မဟုတ်ရ
ပါဘူး" ..... တဲ့ဗျ။
အခု သူတို့ရပ်ကွက်ထဲမှာ တည်ဆောက်ဖို့ ပြင်ဆင်
ထားတဲ့ အခင်းအကျင်းကိုသာ တစ်ခြားသင့်တော်ရာ
တစ်နေရာရာမှာ စီစဉ်ပေးဖို့ တောင်းဆိုတာပါတဲ့ဗျ။
ရပ်ကွက်နေပြည်သူတို့ရဲ့ တင်ပြချက်တွေကိုလဲ လွှတ်တော်ထဲအရောက် ဆောင်ကြဉ်းသွားပါ့မယ်လို့
လဲ ကတိကဝတ်ပြုသွားခဲ့ပါသေးသတဲ့။
(၅)၊(ဃ)
ဟော ... ၊ ဒါကတော့ နောက်တစ်မျိုးလေးဗျ။
(၁၄.၇.၂၀၁၅) နေ့၊ နေ့လည် (၂) နာရီအချိန်၊
"ဈေးသစ်ဓမ္မာရုံကြီး" မှာ ဈေးကော်မတီဥက္ကဋ္ဌက ကြီး
မှူးကျင်းပတဲ့ ပွဲက ထွက်လာတဲ့ အသံပါ။ ဥက္ကဋ္ဌက သူ့
ရဲ့ "အဖွင့်အမှာစကား" မှာ အခုလို ရှင်းပြသွားခဲ့တယ်
ဗျ။
"အခုပွဲဟာ၊ လွှတ်တော်ကိုယ်စားလှယ်လုပ်ရမယ့်ပွဲကို မိမိကလုပ်ရတာပါ" ... တဲ့။
"အမှတ်(၂)ရပ်ကွက်တစ်ခုထဲမှာပဲ လုပ်ပေးသွားပြီး
(၂)ရပ်ကွက်တစ်ခုထဲရဲ့ သဘောထားကိုပဲ ပေါက်
ရောက်အောင် သယ်ပိုးပေးသွားမှာမို့၊ လွှတ်တော်
ကိုယ်စားလှယ်ကြီးရဲ့ရှေ့မှောက်မှာ မပြောခဲ့ရတဲ့
ကျန်တဲ့လူတွေရဲ့အသံကို "မီဒီယာ" များရှေ့မှောက်
မှာ ပြောခွင့်ရအောင် စီစဉ်ပေးရခြင်း ဖြစ်ပါတယ်"
တဲ့ ။
ပွဲအပြီးမှာ "မြို့နယ်စည်ပင်သာယာရေးကော်မတီ"၊
"မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်-မတီ" ဥက္ကဋ္ဌတို့က တက်ရောက်လာတဲ့လူထုကြီးနဲ့
"မီဒီယာ" သမားတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြား ပေးခဲ့ပါသေးတယ်။
(၆)
ကဲ ... ၊ "ရေငတ်တဲ့လူ ရေတွင်းထဲကျ" တာ
"လိုချင်တာ" နဲ့ "ရတာ" တစ်ထပ်တည်းလို့ ယူဆခဲ့မိ
ရာက၊ လက်တွေ့ကျတဲ့ "နောက်ဆက်တွဲ" တွေ ရှိနိုင်
သေးတာကို ကျွန်တော်တော့ နဖူးတွေ့၊ ဒူးတွေ့ သင်ယူခွင့် ရလိုက်ပါပြီဗျ။
ဘယ်လိုပဲ သင်ယူခွင့်ရခဲ့တယ် ဆိုပေမယ့် -
"ရေငတ်နေတဲ့မြို့" အတွက်၊ "သိန်းပေါင်းသောင်းချီ
တဲ့ အခွင့်အရေး" ကိုတော့၊ ရေငတ်တုန်းရေတွင်းထဲ
ကျသလိုပဲ "အသုံးကျ" အောင် "အသုံးချ" စေချင်သေးသဗျ။
"ဒီမိုကရေစီခေတ်" မှာ "လွတ်လပ်စွာ သဘောထား
ကွဲလွဲခွင့်" တွေ ရှိသလို၊ "မတူတာတွေကို ဖယ်ထား
ပြီး၊ တူရာတွေကို ပေါင်းစပ်ပုံဖော်" ကြရမှာပဲ မဟုတ်
လားဗျ။
ကြားဖူးသလောက်ဆိုရင် လွန်ခဲ့တဲ့ အနှစ်(၃၀)ကျော်
လောက်ကလဲ "မင်းဘူးမြို့ ရေရရှိရေး အခွင့်အလမ်း
ကြီး" တစ်ခု၊ ပေါ်ပေါက်ခဲ့ဖူးပါသေးသတဲ့ဗျ။ ဒီတုန်းက
လဲ ဒေသခံပါတီကောင်စီလူကြီးများက လက်ရှိရေပေးဝေရေးစနစ်နဲ့တွင် မင်းဘူးမြို့မှာ ရေလုံလောက်
ပါတယ်၊ ရေမလိုပါဘူးဆိုခဲ့လို့ ကိုယ့်အခွင့်အရေးကို
တစ်ခြားမြို့ကို ပေးခဲ့ရဖူးပါသတဲ့။
သမိုင်းဟောင်းကို ပြင်ဆင်မရပေမယ့်၊ သမိုင်းသစ်မှာ
တော့ ဆင်ခြင်ကြရမှာမဟုတ်လားဗျ။
နောက်တစ်ခု ဆင်ခြင်ရန် ရှိနေသေးတာကိုလဲ ပြော
ပါရစေဦးဗျ။
"တစ်နေ့ ရေဂါလံ (၅) သိန်းလောက်ကို ဧရာဝတီ
မြစ်အတွင်းကနေ စစ်ကိုင်းတောင်ရိုးပေါ်အရောက်
ဆောင်ရွက်ပေးနေတဲ့ "သီတဂူ" ရေအလှူတော်ကြီး
ကိုပါဗျ။ "သီတဂူဆရာတော်ကြီး" ဟာ မြန်မာ -
သက္ကရာဇ် ၁၃၄၂-၄၇ ခုနှစ်များဆီကတည်းက
စစ်ကိုင်းတောင် ချောင်ပေါင်း(၉၀၀)အတွက်
"တောင်စစ်ကိုင်း၊ ချောင်တိုင်းရေဝေမယ်"
လို့ ကြွေးကြော်စီမံတော်မူခဲ့ဖူးပြီ ဆိုတာကိုလည်း မေ့
မထားကြဖို့ပါပဲဗျ။
ကဲ ... ကျွန်တော်အနေနဲ့ကတော့ -
"မင်းဘူးမြို့ကြီး ရေတွင်းထဲ ကျနေပါတယ်"
"မြို့လူထုကြီးနဲ့ လုပ်ငန်းဖော်ဆောင်ကြမယ့် တာဝန်ရှိ လူကြီးမင်းများအားလုံးကို မေတ္တရပ်ခံချင်ပါတယ်"
"ဝိုင်းဝန်းကူညီ ဆယ်ယူပေးကြပါ"
လို့သာ ပြောရန်ရှိပါတော့သဗျ။
( ရေအကျိုးဆယ်ပါး၊ တစ်သားတည်း
ခံစားနိုင်ကြပါစေ ..... )
လင်းယုနောင်(မင်းဘူး)
၁၅.၇.၂၀၁၅

0 comments:

Post a Comment