Monday, July 13, 2015

ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ ပြုလုပ်ခြင်းသတင်း





မကွေး၊ ၂၀၁၅ ခုနှစ် ၊ ဇူလိုင်လ (၁၃) ရက်
    ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကို (၁၃.၇.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
    ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆၈)ဦးရှိသည့်အနက်(၆၀)ဦးတက်ရောက်၍ (၈၈.၂၄) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
    လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၂)ဦးက ပြန်လည်ဖြေကြားပါသည်။
    ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ ဥပဒေကြမ်း တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူပါသည်။
    ဆက်လက်ပြီး အစည်းအဝေးပထမနေ့တွင် တင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေး ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း ပြင်ဆင်ချက်များဖြင့် အတည်ပြုပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌက အဆိုတင်သွင်းရာ ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်က ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထား ရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ ပြင်ဆင်ချက်များဖြင့်  အတည်ပြုကြောင်း  ကြေညာပါသည်။
    ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို (၁၀၄၀)အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ
၁၄ ရက် (အင်္ဂါနေ့)  (၁၀၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment