Sunday, July 26, 2015

တောင်တွင်းကြီးမြို့နယ် ဂုံပင်ကျေးရွာရှိ ဂုံပင်ရွာဦးကျောင်းတိုက်တွင်တနင်္ဂနွေဓမ္မကျောင်းတော်ဖွင့်ပွဲ


မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အနာဂါတ်၏ရင်သွေးငယ်လေးများအား ယဉ်ကျေးလိမ္မာပြီး ပညာတတ်သားကောင်းရတနာလေးများ အစဉ်မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဓမ္မကျောင်းတော်များဖွင့်လှစ်ကာ ဗုဒ္ဓအဆုံးအမသြ၀ါဒများ၊ ယဉ်ကျေးလိမ္မာကဗျာများအား သင်ကြားပေးနေသော တနင်္ဂနွေဓမ္မကျောင်းတော်များ ဖွင့်လှစ်နေကြောင်းသိရသည်။  ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၅ ရက် စနေနေ့ နံနက်  ၉ နာရီ ၁၀ မိနစ်အချိန်က တောင်တွင်းကြီးမြို့နယ် ဂုံပင်ကျေးရွာရှိ ဂုံပင်ရွာဦးကျောင်းတိုက်တွင်တနင်္ဂနွေဓမ္မကျောင်းတော်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တနင်္ဂနွေဓမ္မကျောင်းတော်ဖွင့်ပွဲအခမ်းအနားကြီးအား ပင့်ဖိတ်ထားသောသံဃာတော်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျေးရွာအတွင်းမှ မိဘပြည်သူများနှင့် ဓမ္မကျောင်းတော်သို့ တက်ရောက်မည့်ကျောင်းသူ၊ ကျောင်းသားများတက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ပေးခဲ့ပြီး ပင်တိုင်ရွာဦးကျောင်းဆရာတော်ဘုရားထံမှ သီလခံယူကာ
တောင်တွင်းကြီးမြို့ သီရိမင်္ဂလာတိုက်သစ်ကျောင်းဆရာတော် ဦးပညာဝုဓ မှ သြဝါဒစကားမိန့်ကြားပေးခဲ့ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုအဖွဲ့ခွဲ(၁) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာတော်ဦးစန္ဒိမာ(ရန်ကင်းတောရ) မှ သြဝါဒစကားမိန့်ကြားပေးခဲ့ကြောင်းသိရသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုအဖွဲ့ခွဲ ၁ ၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ဒုတိယဥက္ကဌ ဆရာကြီး ဦးအောင်မြင့်(မြို့နယ်ပညာရေးမှူးငြိမ်း) မှ ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ရေးအတွက် အကြံပြုလျှောက်ထားတင်ပြပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားအား နေ့လည် ၁၁ နာရီခွဲအချိန်ခန့်၌ ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနာယက ဦးဝင်းလေး(၀င်းသီရိ)မှ အောင်မြင်သူ၏လို့ဝှက်ချက် ခေါင်းစဉ်ဖြင့် နိဂုံးချုပ်စကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အလားတူ ဇူလိုင်လ ၂၅ ရက် စနေ့နေ့ မွန်းလွဲ(၁)နာရီခန့်အချိန်ကလည်း တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာရှိ ကံလှကန်ဘုန်းတော်ကြီးကျောင်းတွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ အဖွဲ့ခွဲ(၁)နေပြည်တော်ယဉ်ကျေးမှုစင်တာ၏ သြဝါဒါစရိယ၊ တောင်တွင်းကြီးမြို့ သီရိမင်္ဂလာတိုက်သစ်ဓမ္မစကူးလ်ဆရာတော် ဦးပညာဝုဓ နှင့်
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ အဖွဲ့ဝင် ဆရာကြီးဦးသန်းဦး(ကျောင်းအုပ်ကြီးငြိမ်း) တို့ကြီးမှူး၍ တနင်္ဂနွေဓမ္မစကူးလ်တစ်ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်း ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ်လူငယ်များမွေးထုတ်ပေးနေသော ဓမ္မကျောင်းတော်များဖွင့်လှစ်နေသည်မှာ(၆)ကျောင်းရှိပြီဖြစ်ပြီး နောက်နောက်တွင်လည်းဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
အေကေကေ(တောင်တွင်း)

0 comments:

Post a Comment