Monday, July 6, 2015

မိခင်နှင့် ကလေးသေဆုံးမှုကျဆင်းရေး အရှိန်အဟုန်မြှင့်လုပ်ငန်းစတင်ခြင်း အခမ်းအနား ကျင်းပ




မကွေး    ဇူလိုင်   ၃
မိခင်နှင့်ကလေးသေဆုံးမှုကျဆင်းရေး အရှိန်အဟုန်မြှင့်လုပ်ငန်း စတင်ခြင်း အခမ်းအနားကို  ယနေ့နံနက်(၉)နာရီတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကားပြောကြားသည်။
 ဒုတိယသမ္မတက အမှာစကားပြောကြားရာမှာ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ (၅၁)သန်း ကျော်တွင် မွေးဖွားမှု၊ သေဆုံးမှု စာရင်းမှတ်ပုံတင်ရေးအဖွဲ့ တင်ပြချက်အရ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင် လူဦးရေ(၁၀၀)မွေးဖွားတိုင်း (၃၆)ဦး သေဆုံးနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းသည် (၆၆ ဒသမ ၈)နှစ်ဖြစ်ပြီး အရှေ့ တောင်အာရှနိုင်ငံများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းများထဲတွင် သက်တမ်းတိုသည့် အနိမ့်ဆုံးအုပ်စုထဲတွင် ပါဝင်နေပါကြောင်း။တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ကြည့်ပါက မကွေးတိုင်း ဒေသကြီးသည် (၆၀ ဒသမ ၆)နှစ်ဖြစ်၍ သက်တမ်း အတိုဆုံးဖြစ်ပြီး (၁)နှစ်အောက်နှင့် (၅)နှစ်အောက်ကလေးသေဆုံးမှုနှုန်း တွင်လည်း  အများဆုံး ဖြစ်ပါကြောင်း။(၅)နှစ်အောက်ကလေးများ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး နေ့စေ့ လစေ့ မဟုတ်ဘဲ မွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်ခြင်း၊ အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း၊ ဦးနှောက်ပိုးဝင်ခြင်း၊ မွေးဖွားစဉ် ရေမွှန်းခြင်း၊ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ မွေးကင်းစ အသားဝါဖြစ်ခြင်း၊ မွေးရာပါကိုယ် အင်္ဂါချို့ ယွင်းခြင်း၊ ဗီတာမင်ဘီဝမ်း အာဟာ ရချို့တဲ့ခြင်း၊ မတော်တဆ အန္တရာယ်ဖြစ်ခြင်း၊ သွေးအဆိပ်တက်ခြင်းအစရှိသည့်ရောဂါများကြောင့်ဖြစ်ပါကြောင်း။သေဆုံးမှုထဲတွင် ကျေးလက်နေကလေးများ၏ သေဆုံးမှုသည် မြို့ပြနေကလေးများ၏ သေဆုံးမှုထက် ပိုများနေကြောင်း၊ ကျန်းမာရေးစောင့် ရှောက်မှုကို တိုးမြှင့်ပေးနိုင်မှသာ ဆုံးရှုံးမှုများ လျော့ကျလာမည်ဖြစ်ပါကြောင်း။ လူနေမှုအချက်အလက်များအရ  မကွေးတိုင်း ဒေသကြီး၏ အခြေအနေသည် အလယ်အလတ်အဆင့်အထက်တွင် ရှိသည်ကို တွေ့ရပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ၅ နှစ်အောက်ကလေး သေဆုံးမှု မြင့်မားနေသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် ကျန်းမာဌာနတစ်ခုတည်းဖြင့် စွမ်းဆောင်နိုင်မည်မဟုတ်ပါကြောင်း၊  မြို့ပြကျေးလက် လူထုလူတန်းစားများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စုပေါင်းဆောင်ရွက်နိုင်မှသာ သေဆုံးမှု နှုန်းကျ ဆင်းလာမည် ဖြစ်ပါကြောင်း၊ မိမိတတ်စွမ်းသည့်ဘက်မှပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး မကွေးတိုင်းဒေသကြီး၏ မျှော်မှန်းသက်တမ်း မြင့်တက်လာ ရေးမှသည် တစ်နိုင်ငံ လုံးမျှော်မှန်း
သက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကူညီပံ့ပိုးပေး ကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ 
ထို့နောက် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက တိုင်းဒေသ ကြီိးအတွင်း ကျန်းမာရေး စောင့်ရှောက်ဆောင်ရက်ထားမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ၀င်းမြင့်တို့က မိခင်နှင့်ကလေးသေဆုံးမှုကျဆင်းရေးအတွက် စီမံချက်များချမှတ် ဆောင်ရွက်သွားမည့်အစီ
အစဉ်များကို ရှင်းလင်တင်ပြခဲ့ပါသည်။
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ဒုတိယသမ္မတနှင့်အဖွဲ့သည် မကွေးမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
 အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကိုဆက်လက်ကျင်းပရာ မကွေး တိုင်းဒေသကြီး တွင်(၅)နှစ်အောက် ကလေးနှင့်မိခင်သေဆုံးမှုကျဆင်းရေး အတွက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ ဦးဆောင် ဆွေးနွေးခဲ့ရာ အခမ်းအနား တက်ရောက်လာကြသူ များမှလည်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment