Friday, July 31, 2015

လှိုင်သာယာမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီး အိမ်ရာဝင်း မြေနေရာတွင် ဇူလိုင်လ ၃၀ ရက် နံနက် ၆ နာရီခန့်က ရဲတပ်ဖွဲ့ အပါအဝင် အင်အားတစ်ထောင်ကျော်က ဘူဒိုဇာများဖြင့် နေအိမ်အလုံး ၅၀ ခန့်ကို အင်အားသုံး ဖျက်ဆီးခဲ့ကြောင်း

လှိုင်သာယာမြို့နယ် ဝန်ထမ်းကြီး အိမ်ရာဝင်းရှိ အိမ်အလုံး ၅၀ ခန့် ဘူဒိုဇာဖြင့် အင်အားသုံး ဖျက်ဆီးခံရ
*****************************
ရန်ကုန်၊ ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီး အိမ်ရာဝင်း မြေနေရာတွင် ဇူလိုင်လ ၃၀ ရက် နံနက် ၆ နာရီခန့်က ရဲတပ်ဖွဲ့ အပါအဝင် အင်အားတစ်ထောင်ကျော်က ဘူဒိုဇာများဖြင့် နေအိမ်အလုံး ၅၀ ခန့်ကို အင်အားသုံး ဖျက်ဆီးခဲ့ကြောင်း နေအိမ်ဖျက်ဆီးခံရသူများထံမှ သိရှိရသည်။
“မနက် ၃ နာရီလောက်မှာ ရဲနဲ့ အရပ်ဝတ်လူတွေ ရောက်လာပြီး အိမ်တွေကို ဝိုင်းထားတယ်၊ အိမ်ပေါ်ကလူတွေ ဆင်းပေးဆိုပြီး ဘူဒိုဇာစက်ကြီးတွေ ရောက်လာတာ၊ မဖျက်ပါနဲ့ အတင်းတောင်းပန်လည်း မရဘူး၊ အခု အိမ်ဖျက်ခံရလို့ မိုးနဲ့လေနဲ့ ဘယ်မှာနေရမှန်းတောင် မသိတော့ဘူး” ဟု သွပ်မိုးပျဉ်ထောင်နေအိမ် ဖျက်ဆီးခံရသော အသက် ၃၈ နှစ်ခန့် အရွယ်ရှိ ဒေါ်ခင်မာချိုက ပြောကြားသည်။
အဆိုပါ ဘူဒိုဇာဖြင့် နေအိမ်များ ဖြိုဖျက်ခံရသည့် မြေနေရာမှာ ၁၀ ဧကကျော် ကျယ်ဝန်းပြီး ၂၀၀၁ ခုနှစ်က အစိုးရက ဝန်ထမ်းကြီး အိမ်ရာစီမံကိန်း မြေနေရာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လယ်မြေပိုင်ရှင်များထံမှ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း မြေသိမ်းခံရသူ လယ်သမား ဦးအောင်မင်းက ပြောကြားသည်။
“စစ်အစိုးရလက်ထက်က အိမ်ရာစီမံကိန်းအဖြစ် လုပ်ဆောင်ဖို့ သိမ်းခဲ့ပေမယ့် အကောင်အထည်မဖော်ခဲ့ဘူး၊ မြေကွက်လပ်ကြီး ဖြစ်နေလို့ ကိုယ့်မြေနေရာ ကိုယ်ပြန်နေထိုင်ခွင့်ရအောင် သမ္မတနဲ့ ဌာနဆိုင်ရာ အသီးသီးကို ခွင့်ပြုမိန့် လျှောက်ထားခဲ့တယ်၊ ခွင့်ပြုစာ ပြန်မလာသေးပေမယ့် လူတွေက အိမ်ဆောက်ပြီး နေနေတုန်း ဘယ်အဖွဲ့အစည်းကမှ လာတားမြစ်တာမျိုး မရှိခဲ့ဘူး၊ ခုမှ ဗြုန်းစားကြီး ရောက်လာပြီး ဘူဒိုဇာတွေနဲ့ အိမ်တွေဖျက်သွားတာ” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ နေအိမ်များ ဖြိုဖျက်ရာတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ဖြင့် လာရောက်လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသော အမှတ် (၉) လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ နေအိမ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ဖျက်သိမ်းခြင်းဖြစ်ပြီး ဖယ်ရှားသူများကို နေရာချထားပေးရန် အစီအစဉ်မရှိကြောင်း၊ ယင်းကျူးကျော်နေထိုင်သူများကို ရွှေ့ပြောင်းပေးရန် သုံးကြိမ်တိုင်တိုင် အကြောင်းကြားစာ ပေးပို့ထားကြောင်း လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ပြောကြားသည်။
(ကျော်စိုးမိုး)
the voice

0 comments:

Post a Comment